အက်ဒမန်အိပ်မက်

0
882

လက်သီးဆုပ် ဖွဖွကလေးတွေထဲ ကနေ ရှေ့ကို တိုးတိုးပြီးထွက်ထွက်လာတဲ့ ကြိုးစနဲ့ နုနယ်ပေမယ့် ကြမ်းရှရှဖြစ်နေပြီ ဖြစ်တဲ့ စိုးထက်ရဲ့ လက်ဖဝါးကလေးတွေ ပွတ်တိုက်လို့ ထွက်လာတဲ့ “ရွှီရွှီ” ဆိုတဲ့ အသံကလေးဟာ ကမ်းခြေကို စည်းချက် မှန်မှန် လာလာပုတ်နေတဲ့ လှိုင်းသံတွေကြားမှာ ပျောက်ပျောက်သွားတယ်။

တန်ဆောင်မုန်းလဆန်းဆိုပေမယ့် လရောင် စိုးစဉ်းမျှ မမြင်ရသေး။ အရှေ့ ဘက်မှာ တောင်တန်းကြီးတွေကာထား တော့ ကမ်းခြေက တောစပ်နဲ့လှိုင်းဖွေးဖွေး တွေအကြား အမှောင်ထုကသာ ကြီးစိုး ထားတယ်။

“ဆွဲဂဲ့ဟေ့ … ဆွဲဂဲ့” ဆိုတဲ့ အချင်းချင်း လောဆော်တဲ့ အသံဩဩတွေသာ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ စိုးထက်ရဲ့ ဘယ်ညာနှစ်ဖက်ပေတစ်ရာ ကျော်ကျော်ဆီကသာ လေးလေးမှန်မှန် ထွက်မလာနေရင် သို့တည်းမဟုတ် စိုးထက်မျက်နှာ မူထားရာ ပင်လယ်ကမ်း စပ်လှိုင်းလုံးတွေအကြား ပေတစ်ရာ သာသာလောက်မှာ ရပ်ထားတဲ့ ငါးဖမ်း လှေပေါ်က အနီရောင် မီးလုံးကလေးသာ မှိတ်တုတ်မှတ်တုတ်လင်းမနေရင် ဒီကမ္ဘာ လောကကြီးမှာ စိုးထက် တစ်ယောက် တည်းရှိတယ်လို့သာ ထင်ရတယ်။

ငါးဖမ်းပိုက်မှာ အသုံးပြုတဲ့ ကြိုးတွေ ကို စက်ဝိုင်းပုံ နေသားတကျဖြစ်အောင် စီနေရင်းက စိုးထက် စိတ်ထဲ ညီမလေးကို မေမေ ထည့်ထည့်လွှဲလေ့ရှိတဲ့ ပုခက်ကြိုး တွေကိုတောင် သတိရမိသေးတယ်။ အဲဒီ ပုခက်ကြိုးတွေက ငါးဖမ်းပိုက်တွေမှာ သုံးလို့ မရတော့တဲ့ အတိုအစတွေကို ဆက်ထားတာလေ။

၁၄ နှစ်ထဲ ဝင်နေပြီဆိုပေမယ့် စိုးထက် ခန္ဓာကိုယ်က သေးသေးကျစ်ကျစ်ရယ်။ မွဲပြာပြာမျက်လုံးတစ်စုံကို ငါးဖမ်းလှေဆီ ကနေ ထွက်လာတဲ့ မှိန်ပျပျ မီးရောင်နဲ့ တစ်ချက်တစ်ချက် လက်ကနဲ မြင်ရတယ်။ ရေလုပ်သားတွေဝတ်လေ့ရှိတဲ့ ဒူးဆစ် အောက်ထိ ဖုံးနေတဲ့ ဘောင်းဘီတိုရယ် သူ့ သေးကျစ်ကျစ် ခန္ဓာနဲ့ယှဉ်လိုက်ရင် စည်ပိုင်းထဲ ဥသျှစ်သီးထည့်ထားသလို ဖောင်းပွနေတဲ့ တီရှပ်အဖြူကို ပုခုံးပေါ် ခဏခဏ ဆွဲတင်နေရင်း ရေလုပ်သားကြီး ဂိုက်ဖမ်းနေတဲ့ စိုးထက်ရယ်ပါ။

ညီမလေးမွေးပြီးလပိုင်းထဲမှာ အပေါ စားအရက်တွေကို ထမင်းမေ့ ဟင်းမေ့ သောက်တတ်တဲ့ စိုးထက် ဖေဖေဆုံးတယ်။ ပင်လယ်ကမ်းနား မျိုးရိုးစဉ်ဆက် ရရ စားစား စိုးထက်တို့ မေမေမှာ ထုံစံအတိုင်း ကူကယ်သူမဲ့။ မေမေ အရင်လုပ်နေကျ တံငါလှေတွေအကြား ငါးရွက် ငါးကိုင် ကြုံရာ ကျပန်းအလုပ်တွေ လုပ်နိုင်ဖို့ စိုးထက်ညီမလေး မိခင်ရင်ခွင်က လွတ်တဲ့ အထိ စောင့်ရပေဦးမယ်။

မိသားစုအတွက် ဝင်ငွေရှာပေးတယ် ဆိုတာ စိုးထက်အတွက်တော့ ထူးလှ ဆန်းလှတယ်ရယ်မဟုတ်။ သူ သုံးတန်း အောင်ပြီး ရှစ်တန်းအထိရှိတဲ့ ရွာက စာသင်ကျောင်းကို ကျောခိုင်းလိုက်ပြီး ကတည်းက ပင်လယ်အလုပ်ဆိုတာ စိုးထက်နဲ့ မစိမ်းတော့။ သူ့ ဖေဖေ တခြား လှေတွေမှာ ပိုက်တွဲလိုက်ရင် လှေပေါ်ပါ သွားနေကျမို့ ငါးဖမ်းလုပ်ငန်းဆိုတာ စိုးထက်အတွက် ထမင်းစား ရေသောက် လို ဖြစ်နေပြီပဲလေ။

လောင်းလုံးမြို့နယ်ထဲက ပင်လယ် ပြင်မှာ ပင်လယ်ထဲတစ်နေ့ထွက်၊ တစ် နေ့ဝင် တစ်ခါတစ်လေ တစ်ညအိပ် နှစ်ညအိပ် နေပြီး ငါးဖမ်းတဲ့ အတွေ့အကြုံ ၄-၅ နှစ် ရှိပြီဖြစ်ပေမယ့် တကယ်တမ်း စိုးထက် အလုပ်လုပ်မယ်ဆိုတော့ ကြိုး တွေကို စီတဲ့အလုပ်ကိုပဲ အဓိက လုပ်ခွင့် ရတယ်။

ကမ်းနီးမှာ ပိုက်ထောင်ပြီး လူအားနဲ့ ဆွဲတင် ငါးဖမ်းလေ့ရှိတဲ့ စိုးထက် အလုပ် လုပ်တဲ့ ငါဖမ်းလှေမှာ စိုးထက်တစ်ဦးတည်း သာ ကလေး။ ကျန်တဲ့ရေလုပ်သားတွေက အသက် ၂၀ ဝန်းကျင်ကနေ ၆၀ ကျော် ရေလုပ်သားကြီးတွေအထိ ရှိကြတယ်။

စိုးထက်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ရေလုပ်သားတွေ အတန်းလိုက်ကြီး ညာသံပေးပြီး ဖြည်းဖြည်း မှန်မှန် နဲ့ ကမ်းစပ်အနီး ပင်လယ်ထဲက ငါးဖမ်းပိုက် တွေကို ကမ်းပေါ်ဆွဲတင်နေကြဆဲ။ စိုးထက် ရဲ့အလုပ်က သူတို့ ဆွဲတင်လိုက်တဲ့ ငါးဖမ်း ပိုက်ရဲ့ ကြိုးတွေကို စက်ဝိုင်းပုံအခွေလိုက် တွေဖြစ်အောင် ကမ်းပေါ်ကနေ စီပေးရ တာ။ ညနေ နေဝင်ရီတရောဆိုပေမယ့် မှောင်ပြီဖြစ်တဲ့ ကမ်းစပ်မှာ ဘယ်ညာ နှစ်ဖက်က ရေလုပ်သားတွေ ဆွဲတင်လိုက် တဲ့ ငါးဖမ်းပိုက်ကြိုးတွေကို စက်ဝိုင်းပုံ အတိအကျဖြစ်အောင် စိုးထက် စီနေနိုင် ဆဲ။ ကြိုးတွေအားလုံး ညီနေဆဲ။ သူအလုပ် အပေါ်မှာ အာရုံစူးစိုက်ထားမှုက ဩချရ လောက်တယ်။

ဘယ်ဘက်မှာ ရှစ်ယောက်ခန့် ညာ ဘက်မှာ ခြောက်ယောက် ခုနစ်ယောက်ခန့် ဝိုင်းဆွဲနေတဲ့ ငါးဖမ်းပိုက်ဟာ ကမ်းနဲ့ နီးလာလေလေ ပိုလေးလာလေလေ။ ငါးဖမ်းပိုက်က ကမ်းနဲ့ နီးလာလေလေ လှေကလည်း ကမ်းဘက်ကို ပိုကပ်လာ လေလေ။

ကြိုးခွေအကြီး သုံးခွေရဲ့ တစ်ဖက် တစ်ချက်စီကို အနားသတ်ချည်လိုက်ပြီး ကြိုးစကို ပုခုံးပေါ်တင် ကမ်းစပ်ကို မေးတင် လာတဲ့ လှိုင်းဖျားတွေရဲ့ အကူအညီနဲ့ လှေပေါ်လှမ်းပစ်တင်လိုက်ပြီးချိန်မှာ တော့ စိုးထက် ကမ်းစပ်ကို ပြန်လာပြီး ခြေပစ် လက်ပစ် ထိုင်လိုက်တယ်။ မွန်းလွဲပိုင်း အိမ်က ထွက်လာတုန်းက အမေလုပ်သူက ထမင်းစားသွားဖို့ တိုက်တွန်းပေမယ့် နေ့ လယ်စာ အများကြီးစားထားတဲ့ စိုးထက် အမေ့ကို ကလန်ကဆန်လုပ်ပြီး စားမလာ ခဲ့။ အလုပ်လုပ်ရ ပင်ပန်းတော့ ဗိုက်က တဂွီဂွီ ဆန္ဒပြချင်လာပြီ။ မထူးတော့၊ လူကြီးတွေ ပိုက်ဆွဲပြီးတဲ့အထိစောင့်ပြီး လှေပေါ် က ထမင်းအိုးကိုပဲ အတူတူလှန်ဖို့ စောင့် တော့မယ်။
ရေလုပ်သားကြီးတွေကတော့ “ဆွဲ ဂဲ့ဟေ့ … ဆွဲဟှား”လို့ ညာသံပေးပြီး ငါးဖမ်းပိုက်ကို ဆက်ဆွဲနေကြဆဲ။

သူထိုင်လိုက်ချိန် လုံး၀မှောင်သွား ပြီဖြစ်တဲ့ ကမ်းခြေတစ်လျှောက်မှာ မှုန်ပျပျ လရောင်ကို ကျော်လွန်ပြီး မိုးထိအောင် ထိုးထွက် ထိန်လင်းနေတဲ့ ပြာလဲ့လဲ့ မီးရောင် တန်းတွေကို ပင်လယ်ထဲမှာ စိုးထက် စမြင် ရပြီလေ။ မီးထွန်းလှေတွေ။ စိုးထက်တို့ ကင်းမွန်မီးထွန်းလှေလို့ ခေါ်ကြတဲ့ အား ကောင်းတဲ့ မီးလုံးတွေထွန်းပြီး ငါး၊ ကင်းမွန်တွေကို မီးနဲ့မြှူဆွယ် ဖမ်းဆီးကြ တဲ့ လှေတွေ။ ညမှောင်လာ လေလေ မီးရောင် တွေက ပိုပြီး စူးရှလာ လေလေ။ စိုးထက် ရှေ့က လှမ်းမြင်နေရတဲ့ ပင်လယ်ကမ်းရိုး တန်းကြီး တစ်ခုလုံး တဖြည်းဖြည်း လင်း လာတယ်။ ထိန်လာတယ်။ တောက်လာ တယ်။

မီးထွန်းလှေတွေပေါ်က အလင်းဟာ ခါးမှာ “ဖခမပိုင်း” လို့ စိုးထက်တို့ ခေါ်တဲ့ လေးထောင့်ကွက်တွေပါတဲ့ တစ်လံသာ သာ ရေလဲပိုင်းတွေပတ်ပြီး ငါးဖမ်းပိုက်ရဲ့ ကြိုးစတွေကို ဆွဲတင်နေကြတဲ့ ရေလုပ်သားတွေရဲ့ နေလောင်နေတဲ့ လက်မောင်းတွေကို လှစ်ပြတယ်။

မီးထွန်းလှေတွေပေါ်က အလင်းဟာ ကမ်းနဲ့ နီးလာပြီဖြစ်တဲ့ စိုးထက်တို့ ငါးဖမ်းလှေပေါ်ကနေ ငါး ဖမ်းပိုက်ရဲ့ ကြိုးကို ဘယ်ဘက်ကို ဆွဲရ မလဲဆိုတာ အချက်ပြနေတဲ့ ပိုက်ဆရာရဲ့ လက်နှိပ်ဓါတ်မီးအရောင်ကို ပျောက်ကွယ် သွားစေတယ်။ မီးထွန်းလှေတွေပေါ်က အလင်းဟာ ကမ်းစပ်မှာ ညာသံပေးပြီး ငါးဖမ်းပိုက်ကို တန်းဆီကာ ကမ်းပေါ်ဆွဲ တင်နေတဲ့ ရေလုပ်သား တွေရဲ့ ဆားငံရေ စိုနေတဲ့ ကိုယ်ခန္ဓာတွေအပေါ်ကနေကျော်လွန် ပြီး အရှေ့ဘက်က တောင်တန်းတွေအပေါ် ကို ဖြန့်ကျက်နေရာ ယူတယ်။

ကမ်းခြေကနေရေမိုင် ဆယ်မိုင် အတွင်း ငါးဖမ်းခွင့်ရှိတဲ့ ကမ်းနီးလှေတွေ ၁၅ ကီလိုဝါ့ပ်အထိနဲ့ ကမ်းခြေကနေ ဆယ်မိုင်အပြင် ဘက်မှာသာ ငါးဖမ်းခွင့် ရှိတဲ့ ကမ်းဝေး ငါးဖမ်းလှေတွေ ကီလိုဝါ့ပ် ၃၀ အထိ မီးထွန်းခွင့်ရှိတယ်လို့ စိုးထက် ကို တစ်ယောက်ယောက်က လာပြော တယ်။ စိုးထက်က ပြန်ငြင်းတယ်။ “ပေါက် တတ်ကရဗျာ၊ ဟိုးမှာကြည့်၊ ကမ်းကနေ ၁၀ မိုင်ဝေးလို့လား။ ရှိလှ ၅ မိုင်ပေါ့၊ မီးအားဘယ်လောက်ထွန်းသလဲသိလား၊ ၁၀၀ အောက်ထစ်တွေချည်းပဲဗျ”
“ဝှေ့ကောန် … ထ လှေထပ်တတ်”လို့ ရေလုပ်သားတစ်ယောက် ပုခုံးပုတ် နှိုးမှ စိုးထက် အိပ်မက်က လန့်နိုးလာတယ်။ ဖြူလွလွသဲသောင်ထက်မှာ ခဏလှဲနေ တုန်း ပင်လယ်လေ နွေးနွေးကြောင့် စိုးထက် မှေးခနဲ ဖြစ်သွားတာပဲ။ ငါးဖမ်းပိုက်ကို ကမ်းပေါ်ဆွဲတင် လှေပေါ်တင်ပြီးလို့ ရေ လုပ်သားအတော်များများတောင် လှေပေါ် ရောက်နေကြပြီ။

ဆာနေပြီဖြစ်တဲ့ စိုးထက် အစာအိမ်က ဆန္ဒပြနေပြီမို့ ရင်စို့လောက် ရှိတဲ့ ရေကို ခပ်မြန်မြန် ကိုယ်ဖော့ကူးပြီး လှေပေါ်ကို လှမ်းဖက်တက် လိုက်တယ်။ ထမင်းအိုးကို ဖွင့်ပြီး ညစာ စားဖို့ ပြင်နေ ကြပေမယ့် ရေလုပ်သားကြီးတွေရဲ့ မျက်နှာ သိပ်မသာကြ။ စောစောက လှေပေါ်ဆွဲ တင်ထားပြီး ဘာငါးမှ မဖြုတ်ရသေးတဲ့ ပိုက်ထဲမှာ ဖမ်းမိတဲ့ ငါး ဆိုလို့ များများ စားစားမှ မရှိဘဲကိုလေ။

ထမင်းစားပြီးလို့ တဖုန်းဖုန်းမြည် နေတဲ့ အင်ဂျင်နှစ်လုံးဘေး စိုးထက် ကပ် ထိုင်လိုက်ချိန်မှာ ငါးဖမ်းလှေက အိမ်ပြန် ခရီး စနှင့်နေပြီ။ ရေလုပ်သားအချို့ ပိုက် က ငါးတွေ ဖြုတ်သူဖြုတ်၊ ငါးဖမ်းပိုက် ရှင်းသူ ရှင်း။ ငါးဖမ်းပိုက်ကြိုးတွေမြင် ရတော့ ညီမလေးရဲ့ ပုခက်ကြိုးတွေက စိုးထက် အာရုံထဲ ပြန်ရောက်လာပြန်ရော။ မေမေ အလုပ်ပြန်လုပ်နိုင်ရင်တောင် စိုးထက် မိသားစုအတွက် ငါးဖမ်းတဲ့ အလုပ်တွေကို ဆက်လုပ်နေရဦးမယ်လို့ တွေးနေတယ်။ အဲဒီလိုတွေးမိပြန်တော့ တစ်နှစ်ထက်တစ်နှစ် တစ်ရက်ထက် တစ်ရက် ရှားပါးလာတဲ့ ငါးသယံဇာတ တွေအကြောင်း တွေးမိလာပြန်တယ်။ စိုးထက်တို့ တံငါရွာတွေမှာ နိစ္စဓူ၀ ကြားနေကျဖြစ်တဲ့ အပ်ကြောင်းထပ်နေပြီ ဖြစ်တဲ့ ပင်လယ်ပြင်က သူတစ်လူငါတစ်မင်း ဇာတ်လမ်းတွေကို ပြန်ကြားယောင်လာ ပြန်တယ်။

ဆယ့်လေးနှစ်သားစိုးထက်၊ အက် ဒမန်ကိုဖက်ပြီးမွေးလာတဲ့ စိုးထက်။ သူ့မှာတစ်ခုတည်းသော အိပ်မက်ရှိတယ်။ သူကြီးလာရင် တော်ရုံသင့်ရုံ ကိုယ်ပိုင်လှေကလေးတစ်စီးလိုချင်တာ။ ပြီးတော့ ရေသယံဇာတတွေမပြုန်းတီးစေတဲ့ ငါးဖမ်းနည်းတွေနဲ့ ငါးတွေအများကြီး ဖမ်းပြီး ညီမလေးကို ကျောင်းပို့ချင်တာ။ သူကျောခိုင်းခဲ့ရတဲ့ ရွာကျောင်းက စာသင် ခန်းလေးထဲမှာ ညီမလေးကို မြင်ချင်တာ။

ဗိုက်ကားအောင်စားထားတာကတစ်ကြောင်း၊ လှိုင်းနိမ့်နိမ့်တွေအကြား နိမ့်ချည် မြင့်ချည် လူးလွန့်နေတဲ့ လှေကြောင့်တစ် ကြောင်း စိုးထက် ငိုက်မြည်းစ ပြုလာ တယ်။ အလင်းရောင် မထွက်သလာက် နီးပါးမှိန်သွားပြီဖြစ်တဲ့ လ ကလေးအကြား ကြယ်ကလေးတွေ မှိန်ချည်တစ်ခါ လင်း ချည်တစ်လှည့်ဖြစ်နေတာကို ကောင်းကင် ကြီးထဲ စိုးထက် မြင်နေရတယ်။ တဖြည်း ဖြည်းနဲ့ကြယ်တွေရှိတဲ့ကောင်းကင်ထဲကို ပြာလဲ့လဲ့အလင်းတန်းကြီးတွေထိုးတက် လာတယ်။

စိုးထက်သိတာပေါ့။ ဒါ မီးထွန်းလှေတွေဆီက အလင်းတန်းတွေ။ အလင်းတန်းတွေအများကြီး။

ထားဝယ်မှာ တန်ဆောင်တိုင်ဘုရားလှည့်နေသလိုပါပဲ။ ပြီးတော့ ကောင်းကင်ကြီးတစ်ခုလုံးကို အလင်းတန်းတွေဖုံးသွားတာကို စိုးထက် မြင်ရတယ်။

ဝန်ခံချက်။ ။ ၁၄ နှစ်အရွယ် ရေလုပ်သားတစ်ဦး၏ဘ၀အကြောင်းကို ကျောရိုးယူကာ ပြန်လည် ရေးဖွဲ့ခြင်း ဖြစ်သည်။ စိုးထက်မှာ စာရေးသူ စိတ်ကူး ဖြင့် ပေးသည့် အမည် သက်သက်သာ ဖြစ်သည်။

အောင်လွင်(ကံပေါက်သား)