စာဖတ်ခြင်းကိုဘယ်လိုလေ့ကျင့်ကြမလဲ

0
449

စာဖတ်ခြင်းဟာ လူသားတစ်ယောက် ရဲ့ ဦးနှောက်နဲ့ နှလုံးသား ဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဘဝခရီးကို ဖြတ်သန်းသွားတဲ့အခါ ကြုံတွေ့ရတဲ့ ကောင်းဆိုးလောကဓံအမျိုးမျိုးကို ခံနိုင်ရည် ရှိဖို့ကိုလည်း စာဖတ်ခြင်းက များစွာ အထောက်အကူ ပြုပါတယ်။ စာပိုဖတ်တဲ့ လူမျိုးက ပိုပြီး ကြီးပွားတိုးတက်တာကို လည်း တွေ့ရပါတယ်။ ဒါ့ကြောင့် စာဖတ် ခြင်းဟာ ဘဝမှာ အရေးကြီးတဲ့ အလုပ်တစ်ခု ဖြစ်တယ်။ အထူးသဖြင့် အနာဂတ်ကို ဦးဆောင်ကြမယ့် လူငယ်တွေ မဖြစ်မနေ စာဖတ်ဖို့ လိုအပ်တယ်ဆိုပြီး တိုက်တွန်း ပြောဆိုနေတာကိုလည်း အကြိမ်ကြိမ် ကြားရပါတယ်။

လူငယ်တွေ စာဖတ်ကြပါလို့ တိုက်တွန်း နေပေမယ့် လူငယ်တွေ စာဖတ်အားနည်း နေတာကိုလည်း တွေ့နေရပါတယ်။ လူငယ်တွေ စာဖတ်အားနည်းတာဟာ အင်တာနက်၊ ဖေ့စ်ဘုတ်၊ ဂိမ်း စတာတွေ ကြောင့်လို့ အကြောင်းပြကြပါတယ်။ ဒါကလည်း မှန်သင့်သလောက် မှန်ပါ တယ်။

လူငယ်တွေ စာဖတ်အားနည်းရတဲ့ နောက်အကြောင်းတစ်ခုကတော့ ကလေး ဘဝကတည်းက စာဖတ်တဲ့ အလေ့အကျင့် မရှိခဲ့လို့ပါပဲ။ စာဖတ်တဲ့ အလေ့အကျင့် ဘယ်လိုနည်းခဲ့ပါသလဲ။ စာဖတ်တတ်ခါစ ကလေးဘဝကတည်းက ကျောင်းစာက လွဲပြီး၊ တစ်ခြားအပြင်စာတွေ ဖတ်ဖို့ မိဘတွေက အားမပေးခဲ့ကြလို့ပါပဲ။

မိဘတော်တော်များများက ကိုယ့် ကလေးကို ကျောင်းစာမှာ တော်စေချင်တယ်။ အဆင့်ကောင်းကောင်း ရစေချင်တယ်။ ဒါ့ကြောင့် ကျောင်းစာကလွဲပြီး တစ်ခြား ပြင်ပစာပေတွေကို ဖတ်တာဟာ အချိန်ဖြုန်း တာလို့ မြင်မိတတ်ကြတယ်။

သားသမီးတွေ ကျောင်းမှာ အမှတ် များများ၊ အဆင့်ကောင်းကောင်းရရင် ပညာတတ်ကြီးဖြစ်လာတော့မှာ ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ သားသမီးတွေကို ကျောင်းနဲ့ ကျူရှင်နဲ့ ပတ်ချာလည် စာကြိုးစားစေတယ်။

လူကြီးမိဘတွေကို တစ်ခုစဉ်းစားစေ ချင်တာက ကျောင်းစာတစ်ခုတည်းနဲ့ မိမိတို့ ကလေးတွေရဲ့ဘ၀ ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့ လုံလောက်ပါရဲ့လား။ ဘဝမှာ ကြုံတွေ့ရတဲ့ အကောင်းအဆိုး၊ အနိမ့် အမြင့်၊ အတက်အကျ အတွေ့အကြုံတွေ ကြားမှာ သက်လုံကောင်းဖို့အတွက် ဘဝလမ်းကြောင်း မတိမ်းစောင်း မယိမ်း ယိုင်သွားဖို့ ဘယ်လို အသိဉာဏ်ပညာမျိုး ကိုယ့်ကလေးတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါသလဲ။

ကျွန်မကိုယ်တိုင် အလယ်တန်း ကျောင်းသူဘဝမှာ ကာတွန်းရုပ်ပြတွေ၊ ဝတ္ထုစာအုပ်တွေကို ကျောင်းစာအုပ်ကြား ညှပ်ပြီး ခိုးဖတ်ခဲ့ရတဲ့ အဖြစ်အပျက်ကို သတိရမိပါတယ်။ အဲဒီစာအုပ်တွေထဲက တရားခြင်း၊ မတရားခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကြားမှာ ကျွန်မဘ၀ ပြတင်းတံခါးအသစ်တစ်ခုကို ဖွင့်လိုက်သလိုပါပဲ။

အဲဒီအချိန်တုန်းက ဝတ်္ထုစာအုပ်တွေ ဖတ်ရင် ရည်းစားထားမှာစိုးလို့၊ ကျောင်းစာ မှာ အဆင့်ကျသွားမှာစိုးလို့ စတဲ့ အကြောင်း ပြချက်တွေနဲ့ ကျွန်မအပြင်စာတွေ ဖတ်တာ ကို လူကြီးတွေက ပိတ်ပင်ကြပါတယ်။ ကျောင်းဖွင့်ရာသီတွေမှာ စာအုပ်အငှား ဆိုင် တွေရှိတဲ့မြို့မှာ ကျောင်းတက်ရလို့ စာအုပ်တွေ ငှားဖတ်ချင်ပေမယ့် လူကြီး တွေက ခွင့်မပြု။ ကျောင်းပိတ်ရာသီမှာ ဘာစာအုပ်မှမရှိတဲ့ တောရွာအိမ်မှာ ပြန်နေရတော့ စာဖတ်ခွင့်မရခဲ့ပြန်ဘူး။ အဲဒီတော့ ကျောင်းဖွင့်ချိန်မှာ ရတဲ့မုန့်ဖိုး တွေထဲက စာအုပ်ငှားပြီး ခိုးဖတ်တော့တာ ပါပဲ။

တကယ်လို့ အဲဒီအချိန်တုန်းက လူကြီး တွေက ကျောင်းစာလုပ်တဲ့အချိန်နဲ့ အပြင်စာဖတ်တဲ့အချိန်ကို ခွဲထားပေးမယ် ဆိုရင် အဲဒီလို ခိုးဖတ်ရတာမျိုး ဖြစ်လာ လိမ့်မယ် မထင်ပါဘူး။ ဒါ့ကြောင့် ကိုယ့် ကလေးကို ကျောင်းစာအပြင် သူဖတ်ချင်၊ ဖတ်သင့်တဲ့ အပြင်စာလေးတွေကိုလည်း သူ့အချိန်နဲ့သူ ဖတ်ဖို့ ခွင့်ပြုသင့်ပါတယ်။ ဒါမှသာ ကလေးအရွယ်ကတည်းက စာဖတ် တဲ့ အလေ့အကျင့် စရသွားမှာပါ။

စာဖတ်ခြင်းဟာ အကောင်းဆုံးသော အသိပညာ ဗဟုသုတ စုဆောင်းတဲ့နည်း လမ်း ဖြစ်တယ်။ လူငယ်တွေ စာဖတ်ဖို့ အရေးကြီးတယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့ လူငယ်တွေ၊ တက္ကသိုလ် တက်နေတဲ့ လူငယ်တွေကို စာဖတ်ဖို့ တွင်တွင်တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအရွယ်ရောက်မှ စာဖတ်ပါလို့ တိုက်တွန်းနေပြီး အခြေခံ ပညာအတန်းကျောင်းတက်နေတဲ့ ကလေး တွေကို ဘာဖြစ်လို့ ကျောင်းစာကလွဲပြီး အပြင်စာဖတ်ဖို့ မတိုက်တွန်းရတာလဲ။ ငယ်ငယ်ကတည်းက စာဖတ်ဖို့ အလေ့ အကျင့်မရခဲ့တဲ့ လူငယ်တစ်ယောက်ဟာ အသက်နှစ်ဆယ်ကျော်အရွယ်ရောက်မှ စာစဖတ်တယ်ဆိုရင် စာဖတ်အားကောင်း နိုင်ပါ့မလား။ ဘယ်စာအုပ်တွေကို ရွေးဖတ် ရမယ်ဆိုတာရော သိပါ့မလား။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆရာမ မသီတာ(စမ်းချောင်း)က စာပေဟောပြောပွဲ တစ်ခုမှာ ပြောပါတယ်။ ကလေးတွေကို ဝတ္ထုစာအုပ် မပေးဖတ်တာဟာ ငယ်ငယ် ရွယ်ရွယ်နဲ့ ရည်းစားထားတတ်မှာ လူကြီး တွေက စိုးရိမ်တယ်ဆိုရင် စာမဖတ်တဲ့ သူတွေကရော၊ ရည်းစားမထား၊ အိမ်ထောင် မပြုကြတော့ဘူးလားလို့ ဆရာမက ဝေဖန် ထောက်ပြပါတယ်။ ရည်းစားထား မှာစိုးလို့ အပြင်စာတွေ မပေးဖတ်တာဟာ ကလေးတွေရဲ့ အနာဂတ်ကို သတ်ပစ် နေတာနဲ့ တူလှပါတယ်။

ကျွန်မကတော့ စာဖတ်တာကို သစ်ပင် စိုက်တာနဲ့ တွဲပြီးတော့  မြင်မိတယ်။ သစ်ပင်တစ်ပင် ကြီးထွားလာဖို့အတွက် မျိုးစေ့ ဘဝကနေ ရေလောင်း၊ ပေါင်းသင် စနစ်တကျ ပြုစုပျိုးထောင်မှသာ အသီး၊ အပွင့်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်ကောင်း တဲ့ သစ်ပင်ကြီးတစ်ပင် ဖြစ်လာသလိုပဲ ပေါ့။ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာတဲ့ ဖြစ်စဉ် သဘောတရားချင်း အတူတူပဲလို့ မြင်ပါတယ်။

စာဖတ်တာလည်း ဒီလိုပါပဲ။ ဘယ် စာအုပ်ကို ဖတ်ရမယ်ဆိုတာ မဆုံးဖြတ် တတ်သေးတဲ့ အရွယ်မှာ လူကြီးမိဘတွေက ကလေးတစ်ယောက်အနေနဲ့ ဘယ် အရွယ်မှာ ဘယ်စာဖတ်ရမယ်ဆိုပြီး ရွေး ချယ်ပေးရတဲ့ အနေအထားကနေ တဖြည်း ဖြည်း သူ့ဘာသာသူ ရွေးချယ်ဖတ်တတ်တဲ့ အနေအထားအထိရောက်အောင် စာဖတ်တဲ့ အလေ့အကျင့်တွေ ပြုစုပျိုးထောင် ပေးဖို့ လိုအပ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ ကျောင်းစာအဆင့် ကျမှာ၊ ရည်းစားထားမှာ၊ အပြင်စာဖတ် တာက အကျိုးမရှိတဲ့ အလုပ်ကိုလုပ်တာလို့ သတ်မှတ်ပြီး၊ အရည်အချင်းနဲ့ လူ့လောက ထဲ တိုးဝင်ရမယ့် အရွယ်ရောက်တဲ့အခါ ကျမှ စာဖတ်ပါလို့ တိုက်တွန်း မယ်ဆိုရင် စာဖတ်ဖို့ စိတ်ဝင်စားချင်မှ ဝင်စားတော့ မှာပါ။

ငယ်ငယ်ကတည်းက စာရဲ့ အရသာကို မခံစားဖူးသလို၊ စာပေနဲ့ ထိတွေ့မှု နည်းခဲ့တဲ့အတွက် သက်လတ်ပိုင်းအရွယ် ရောက်မှ စာစဖတ်မယ်ဆိုရင် ဘယ်လို အကြောင်းအရာ၊ ဘယ်စာရေးဆရာရဲ့ စာအုပ်ကို ရွေးဖတ်ရမှန်းမသိဘဲ စာဖတ်အား လည်း နှေးနေတတ်ပါတယ်။ ငယ်ငယ် ကတည်းက စာဖတ်အားနည်းခဲ့တဲ့ ကျွန်မ မိတ်ဆွေတချို့ အခုသက်လတ်ပိုင်း အရွယ်ရောက်မှ ဖတ်ဖို့ကြိုးစားပေမယ့် သိပ်မဖတ်နိုင်တာကို တွေ့နေရပါတယ်။

နောက်အကြောင်းတစ်ခုက ကလေး တွေလက်လှမ်းမီတဲ့နေရာမှာ စာအုပ်တွေ မထားပေးတာ၊ စာအုပ်တွေ မဝယ်ပေး တာပါ။ ကလေးတစ်ယောက်ရဲ့ အဝတ် အစား အသုံးအဆောင်ကို သောင်းဂဏန်း၊ သိန်းဂဏန်း ဝယ်ပေးနိုင်ပေမယ့် ထောင် ဂဏန်းလောက်ရှိတဲ့ ပုံပြင်စာအုပ်လေး တွေ၊ ကာတွန်း၊ ရုပ်ပြ စာအုပ်လေးတွေကို ဝယ်ပေးဖို့ မိဘတွေက မေ့နေတတ်ကြပါ တယ်။ စာအုပ်တစ်အုပ်မှ မရှိတဲ့အိမ်မှာ ကြီးပြင်းလာတဲ့ကလေးကို အသက်နှစ် ဆယ်ကျော်မှ စာဖတ်ပါလို့ စာရဲ့ကောင်း ကြောင်းတွေ ပြောပြလည်း သိပ်အရာ မရောက်တော့တာကို တွေ့ရပါတယ်။

ကလေးတစ်ယောက်ကို စာဖတ်ဖို့ လေ့ကျင့်ပေးတဲ့နေရာမှာ သူစိတ်ဝင်စားရာ သုတစာပေရော၊ ရသစာပေပါ ပေးဖတ် သင့် ပါတယ်။ သုတစာပေက သူ့ဦးနှောက် ဖွံ့ဖြိုးဖို့နဲ့ အသက်မွေးဝမ်းကျောင်းလုပ် ငန်းအတွက် အထောက်အကူပြုနိုင်သလို၊ ရသစာပေက အမှန်အမှား ဝေဖန်ပိုင်ခြား တတ်တဲ့ အသိဉာဏ်ပညာ အတွေးအခေါ် နဲ့ နှလုံးရည်ပြည့်ဝဖို့အတွက် အထောက် အကူပြုပါတယ်။

ကျွန်မတို့ရဲ့ဘဝမှာ စာဖတ်ဖို့ ဘယ် လောက်အထိ လိုအပ်တယ်ဆိုတာ အောက်စဖို့ဒ်ဆရာတော်က အခုလိုတိုက် တွန်း မိန့်ကြားထားပါတယ်။

“လူတစ်ဦးရဲ့ တိုတောင်းတဲ့ဘ၀ အတွင်းမှာ မှန်ကန်တဲ့ လောကအမြင်ရှိဖို့၊ ကိုယ့်ကိုယ်ကို အားပေးတတ်ဖို့ဆိုတာ ကိုယ့်အားကိုပဲ အားကိုးပြီး လေ့ကျင့်ရင် တော့ ဘဝမြောက်မြားစွာ အချိန်ယူရပါ တယ်။ ဒါပေမယ့် နှစ်ပေါင်းထောင်ချီပြီး အတွေးအခေါ်ပညာရှင်များ၊ တရားရသူ များက ရေးထားတဲ့စာတွေ ဖတ်လျှင်တော့ ဘဝခရီးပိုပြီး တွင်တာပေါ့၊ မြန်ဆန်တာ ပေါ့၊ ပြီးတော့ စာဖတ်သူတွေ အတွေးအခေါ် တူစေလို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးကိုပါ အထောက်အကူပြုပါတယ်။ လူ့လောကအတွက် မရှိမဖြစ်တဲ့ အရာတွေ ထဲမှာ စာအုပ်စာပေများက ထိပ်တန်းထဲ မှာ ပါပါတယ်”လို့ ဆရာတော်က မိန့်တော်မူ ပါတယ်။

စာဖတ်ခြင်းဟာ လူတိုင်းအတွက် ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာ အောက်စဖို့ဒ်ဆရာတော်ရဲ့ အထက်ပါ မိန့်ကြားချက်က သက်သေထူ လျက် ရှိပါတယ်။ ကျွန်မတို့တစ်တွေ အတွေးအခေါ်တူစေဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့၊ ဘဝပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စာပေကပေး တဲ့ အသိကိုရဖို့ သိပ်ကို အရေးကြီးလှပါ တယ်။

ဘဝအတွက် အရေးကြီးလှတဲ့ စာဖတ် တဲ့ အလေ့အကျင့်ကို စာဖတ်တတ်ခါစ ကလေးဘဝကတည်းက စတင်လေ့ကျင့် ပေးသင့်ပါတယ်။ ကျောင်းစာအပြင် အသက်အရွယ်အလိုက် ဖတ်သင့်တဲ့ ပြင်ပ သုတ၊ ရသ စာပေများကို ဖတ်ရှုဖို့ ကလေးများကို အားပေးတိုက်တွန်းသင့်ပါ တယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကျောင်းစာတစ် ခုတည်းကိုသာ ဖတ်မှတ်စေပြီး၊ အသက်ကြီး လာမှ ပြင်ပစာပေတွေ ဖတ်ဖို့တိုက်တွန်း မယ်ဆိုရင် သိပ်မအောင်မြင်တာကို တွေ့ရ ပါတယ်။

အသီးအပွင့် အကိုင်းအခက်တွေနဲ့ ဝေဆာလှပတဲ့ သစ်ပင်တစ်ပင် ရှင်သန် ကြီးထွားလာဖို့အတွက် စတင်စိုက်ပျိုး ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ရ သလိုပဲ၊ အနာဂတ်လှပတဲ့ လူကြီးတစ် ယောက်ဖြစ်ဖို့အတွက် ကလေးဘ၀ ကတည်းက ကျောင်းစာအပြင် ပြင်ပသုတ၊ ရသ စာပေတွေကို ဖတ်ကြားနိုင်ဖို့ လူကြီး များအနေနဲ့ ကလေးများကို တိုက်တွန်း အား ပေးရပါမယ်။

ကလေးတွေ စာအုပ်စာပေနဲ့ ရင်းနှီး အောင်၊ စာဖတ်ခြင်း၌ ပျော်မွေ့လာပြီး စာဖတ်တဲ့ အလေ့အကျင့်ကောင်းများ ရှိလာအောင် အခြေအနေတစ်ခုကိုလည်း ဖန်တီးပေးထားသင့်ပါတယ်။ ဒါမှသာ အရွယ်ရောက်တဲ့အချိန်မှာ စာအုပ်၊ စာပေ တွေကို ဖတ်မှတ် တန်ဖိုးထား ချစ်မြတ်နိုး ပြီး၊ ကိုယ့်ဘဝမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု တွေကို အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော် နိုင်တဲ့အပြင် သူတစ်ပါးတို့ရဲ့ ဘဝပြဿနာ များကိုလည်း အကောင်းဆုံး ကူညီဖြေရှင်း ပေးနိုင်သူတွေ ဖြစ်လာကြမှာ ဖြစ်ပါတယ်။   

နီမာဦး(အံဒင်)