ဘုတ်ပြင်း – အုန်းတောကမ်း တံတားပြီးစီးရေး ဘဏ္ဍာငွေ ချထားမှုအပေါ် မူတည်ဟုဆို

0
505
အုန်းတောကမ်း တံတားဆောက်လုပ်နေပုံ။
ဘုတ်ပြင်း - အုန်းတောကမ်း တံတားဆောက်လုပ်နေပုံ။ ဓာတ်ပုံ - မင်းခန့်

ဘုတ်ပြင်း၊ နိုဝင်ဘာ ၈

ဘုတ်ပြင်းမြို့နှင့် အုန်းတောကမ်း ကျေးရွာအုပ်စုအား ကားလမ်းချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတောကမ်း တံတား ပြီးစီးမည့်ကာလမှာ ယင်းတံတား အတွက် ရန်ပုံငွေ ခွဲဝေချထားပေးမှုအပေါ် မူတည်ကြောင်း ယင်းတံတားကို တာဝန်ယူဆောက်လုပ်နေသည့် AE ဦးတင်ထွေးက ပြောသည်။

တံတား စတင်ဆောင်ရွက်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က ကျပ်သန်း ၁၄၀၀ ချထားပေးခဲ့ပြီး ယခုနှစ်တွင် ကျပ်သန်း ၅၀၀ ချထားပေးခဲ့ရာ တံတား ပြီးစီးရန်မှာ နောက်ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ထပ်မံချထားပေးမှုအပေါ်မူတည်နေကြောင်း AE ဦးတင်ထွေးက ပြောသည်။

“ဘယ်တော့ပြီးမယ်ဆိုတာတော့ ရန်ပုံငွေ ချပေးတဲ့အပေါ် မူတည်တယ်ပေါ့။ ဒီနှစ် သန်း ၅၀၀ တည်းဆို မပြီးနိုင်ပါဘူး”ဟု ဦးတင်ထွေးက ပြောသည်။

တံတားမှာ ပေ ၃၀ (ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း တစ်ဖက် ၃ ပေ) အကျယ် ၂ လမ်းမောင်း သံကူကွန်ကရစ်/ သံမဏိယက်မ တံတားဖြစ်ပြီး အရှည်ပေ မှာ ၁၂၀၀ ရှိကြောင်း ၎င်းက ပြောသည်။

ထိုတံတားပေါ်ပေါက်လာပါက အုန်းတောကမ်း၊ စတေ စသည့်ကျေးရွာ အုပ်စုများမှ ကျေးရွာ ၂၀ ကျော် ကားလမ်း ပေါက်သွားမည်ဖြစ်ပြီး ၎င်းရွာတို့၏ ခြံ ထွက်သီးနှံ၊ ရေထွက်ပစ္စည်းများ အချိန်နှင့်တပြေးညီ ပို့ဆောင်နိုင်မည့်အပြင် ဘုတ်ပြင်းတွင် ကျောင်းတက်မည့် ကျောင်းသူကျောင်းသားများ၏ ပညာရေးကဏ္ဍ တိုးတက်လာမည်ဖြစ်ကြောင်း အုန်းတောကမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

အရေးပေါ် ကျန်းမာရေးကိစ္စများ အတွက်လည်း ဘုတ်ပြင်းဆေးရုံသို့ မြန်ဆန်ချောမွေ့စွာ လာရောက်နိုင်မည် ဖြစ်သောကြောင့် ၎င်းတံတားမှာ ကျေးရွာ ၂၀ ရွာအတွက် အလွန်ပင်အရေးပါကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောသည်။

“အခုက ကျန်းမာရေးအတွက်ဆိုရင် ချောင်းထဲရေခန်း(ဒီရေကျ)နေရင် သွားလို့ မရတော့ဘူးလေ။ ဒီတံတားက ကျေးရွာ ၂၀ ကို ကိုယ်စားပြုတယ်”ဟု ၎င်းက ပြောသည်။


Dawei Watch