တနင်္သာရီတိုင်းအတွင်း VMS စနစ်တပ်ပြီး ငါးဖမ်းလှေ ၂၃ ရာခိုင်နှုန်း သာရှိသေး

0
562

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင်ထားသည့် ကမ်းဝေးငါးဖမ်း ငါးသယ်လှေများ၏ ၂၃ ရာခိုင်နှုန်းသာ စောင့်ကြည့်ထိန်းချုပ် လေ့လာရေးစနစ်(VMS) တပ်ဆင်သေးကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်း ကမ်းဝေးငါးဖမ်း ငါးသယ်လှေ ၁၅၁၃ စီးရှိရာ နိုဝင်ဘာလ ၃ ရက်အထိ ၃၄၈ စီးသာ တပ်ဆင်ထားကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။

ကမ်းဝေးငါးဖမ်းလှေများတွင် VMS စနစ်တပ်ဆင်ရန် ကုမ္ပဏီခြောက်ခုက တင်ဒါရရှိထားသည်။

VMS စနစ်တပ်ဆင်ပြီး ငါးဖမ်းလှေ ၃၄၈ စီးသာရှိသေးသော်လည်း VMS စနစ်တပ်ဆင်ရန် အထက်ပါ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုထားသည့် ကမ်းဝေးငါးဖမ်း ငါးသယ်လှေ ၁၀၅၂ စီးရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနစာရင်းအရ သိရသည်။

အထက်ပါဌာန စာရင်းအရ VMS စနစ်တပ်ရန် ကုမ္ပဏီနှင့် စာချုပ်မချုပ် သေးသည့်လှေ အရေအတွက်မှာ ၁၁၂ စီး ကျန်နေသည်။

VMS စနစ်တပ်ရန် စာချုပ်မချုပ်သေးသည့် ငါးဖမ်း/ငါးသယ်လှေများအား အောက်တိုဘာလ ၃၀ ရက်မှစကာ ပင်လယ် ပြင်ထွက်ခွင့်မပြုတော့ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသန့်က ဆိုသည်။

ထို့အပြင် စာချုပ်ချုပ်ဆိုပြီး ငါးဖမ်း/ ငါးသယ်လှေများအနေဖြင့်လည်း နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားကာ VMS စနစ် တပ်ဆင်ပြီးကြောင်း စစ်ဆေးခံရမည် ဖြစ်ပြီး တပ်ဆင်ထားခြင်းမရှိပါက ငါးဖမ်းထွက်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“စာချုပ်မချုပ်ထားဘူးဆိုရင် ပင်လယ်ပြင် ထွက်ခွာခွင့်မပေးဘူး”ဟု ဦးစိုးသန့်က ဆိုသည်။

VMS တပ်ဆင်ထားခြင်းမရှိဘဲ ပင်လယ်ပြင်တွင် ငါးဖမ်းနေကြောင်း စစ်ဆေးတွေ့ရှိပါက စည်းပျက်လှေအဖြစ် သတ်မှတ်ကာ အရေးယူမည်ကြောင်း ၎င်းက ပြောသည်။

စည်းပျက်ငါးဖမ်းလှေအဖြစ် သတ်မှတ် အရေးယူခံရပါက ပထမအကြိမ်တွင် ဒဏ်ငွေကျပ်သိန်း ၃၀ နှင့် ငါးဖမ်းခွင့် အချိန် သုံးလပိတ်ခြင်း၊ ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ပါက ဒဏ်ငွေကျပ်သိန်း ၆၀ တပ်ရိုက်ပြီး ငါးဖမ်းခွင့် ၆ လ ပိတ်သိမ်းနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

ယခင်က VMS စနစ်ကို ငါးဖမ်းရာသီ စတင်သည့် စက်တင်ဘာလတွင် အပြီးတပ်ဆင်ရန် ညွှန်ကြားခဲ့ဖူးပြီး VMS လုပ်ငန်းစဉ်များ ချော့မွေ့စွာပြီးစီးနိုင်ရေး၊ ပြည်ပပို့ကုန်ပမာဏနှင့် တန်ဖိုးများ လျော့ကျမှုမရှိစေရေး အစရှိသည့် အချက်များကြောင့် သတ်မှတ်ကာလကို အဆင့်ဆင့် ဖြေလျော့ပေးခဲ့ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

VMS စနစ်တပ်ဆင်ရန် တင်ဒါအောင်ထားသည့် ကုမ္ပဏီ ၆ ခုရှိပြီး ယင်းစနစ်ကို တပ်ဆင်ပါက ကနဦး တပ်ဆင်ခအဖြစ် အမေရိကန်ဒေါ်လာ ၇၀၀ မှ ၈၅၀ အထိ ကျသင့်မည်ဖြစ်ပြီး လစဉ်ကြေးအဖြစ် ၄၅ ဒေါ်လာပေးသွင်း ရမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

VMS တပ်ဆင်ခြင်းက ကမ်းဝေးငါးဖမ်းလှေကြီး “တ”လိုင်စင်များအတွက် အခက်အခဲမရှိသော်လည်း ဒေသခံကမ်းဝေး “တဝ”လှေများအတွက်မူ အခက်အခဲရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင်က ဆိုသည်။

ကမ်းဝေးငါးဖမ်းလိုင်စင်“တ” မှာ တစ်နိုင်ငံလုံးရှိ ကမ်းဝေးရေပြင်တွင် ငါးဖမ်းဆီးခွင့်ရှိပြီး ဒေသခံကမ်းဝေး “တဝ”လိုင်စင်(ခရိုင်လိုင်စင်) မှာ အများဆုံး ခရိုင်နှစ်ခုတွင်သာ ဖမ်းဆီးခွင့်ရှိသည်။

ယင်းအပြင် “တဝ”လိုင်စင်ရှိ ကင်းမွန်မီးထွန်းလှေများ၏ ပင်လယ်ပြင်ငါးဖမ်းသည့်အချိန်မှာ ၇ လခန့်သာရှိ သော်လည်း VMSစနစ်နှင့် ပတ်သက်၍ ကုမ္ပဏီထံ လစဉ်ကြေးများပေးဆောင် နေရမည်ဖြစ်သည့်အတွက်အခက်အခဲ ဖြစ်လာနိုင်ကြောင်း ဦးမျိုးအောင်က ပြောသည်။

အဆိုပါစနစ်ကို တပ်ဆင်ထားပါက ငါးဖမ်းလှေများကို ထိန်းချုပ်ရေးစခန်းမှ ထိန်းချုပ်စောင့်ကြည့်နိုင်ခြင်း၊ မိုးလေဝသ အချက်အလက်များ ရယူနိုင်ခြင်း၊ လှေရှိ ဆီတိုင်ကီအတွင်းမှ ဆီလက်ကျန်နှင့် တည်နေရာကို လှေပိုင်ရှင်က ကြည့်ရှုနိုင်ခြင်း အစရှိသည့် အချက်အလက်များကို ပေးပို့စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

Dawei Watch