အကောင်းမြင်စိတ်လေး ထားကြပါ

0
815

“ဒီကလေးမလေး ကံကောင်းလိုက်တာ …”


“နင်အရမ်းကံကောင်းတာပဲ …”


“သူတော့ ကံဇာတာတက်နေတယ် ထင်တယ် …”


ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ခုရရှိလာတဲ့ အချိန်တိုင်း ကြားနေကြ စကားတွေ။

“ကံကောင်းတယ်တဲ့လား …”


အခြားသူတွေတော့ မသိဘူး။ ကျွန်မကတော့ ကံကောင်းတယ်ဆိုတာ အလုပ်ကောင်းလို့ တစ်နည်းအားဖြင့် အကောင်းမြင်တတ်လို့ပဲ မြင်တယ်။ “ကံ” ဆိုတာကိုကတောင် “အလုပ်”လေ။ တကယ်တော့ လေးစားဂုဏ်ယူဖွယ်ရာ ကောင်းတဲ့ အရာမှန်သမျှကို ရရှိဖို့ဆို ဖြတ်လမ်းမရှိဘူး။

စိတ်နှစ်မြှုပ်ပြီး ကြိုးစား အားထုတ်ရမှာ အမှန်ပဲ။ ဘာပဲလုပ်လုပ် အကောင်းမြင်စိတ်ထားပြီး ကြိုးစားနေ သူတွေအတွက် ကံကောင်းတယ်ဆိုတာ ပြောစရာမှ မလိုတာ။ အဲလိုလူတွေ ကောင်းတဲ့ကြိုးစားမှုရလဒ်တွေ ရလာတာကို ကံကြောင့်လို့ ပြောမလား။


လူတွေဟာ မွေးရေးနဲ့ သေရေးကိစ္စတွေမှာ ရွေးချယ်ပိုင်ခွင့်မရကြပေမယ့် အသက်ရှင်သန်နေထိုင်တဲ့ နေ့တိုင်းနေ့ တိုင်းမှာ ကိုယ်တိုင်ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့အရာတွေကို ဘာလို့ ကံကို ပုံချနေဦးမှာလဲ။


ကျွန်မတို့ လူသားတွေဟာ အားသာချက် ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။ ဒါ့အပြင် အားနည်ချက်လည်း ရှိနိုင်တာမို့ ကိုယ့်အားနည်းချက်ကိုလည်း လျစ်လျူရှု ထားလို့ မရပါဘူး။

ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားပြီး အကောင်း မြင် စိတ်လေးနဲ့ မြင်တတ်ဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ကောင်းကျိုး ရလဒ်တွေကို ရှာတွေ့မှာ မဟုတ်တဲ့အပြင် ကိုယ့်ကိုယ်တိုင်တောင် မသိလိုက်ခင်မှာ ပင် ဆိုးကျိုးတွေကို ဆုလာဒ်အဖြစ် ပိုင်ဆိုင်နေရမှာ ဖြစ်ပါတယ်။


အကောင်းမြင်စိတ်ဆိုတာ ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ စိတ်ပျက် အားပျော့မနေဘဲ ဘာကိုမှ အပြစ်မတင်ဘဲ အခြားရှုထောင့်တစ်ခုကနေ မြင်ကြည့်ကာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရင် ဆိုင်သွားခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်း ပြောရ မယ်ဆို ကိုယ်မတတ်နိုင်တဲ့ အခြေအနေတစ်ခုကို အကောင်းမြင်စိတ်လေးနဲ့ ပြောင်းလဲခံစားကြည့်တာမျိုးပါ။


ဒီနေရာမှာ စာရေးဆရာကြီး ဗန်းမော်သိန်းဖေအကြောင်းလေး နည်းနည်းပြော ပြချင်ပါတယ်။

ဆရာကြီးက အဲဒီအကြောင်းကို သူရဲ့မျှဝေလိုတဲ့အတွေးများဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။


တစ်ခါတော့ ဆရာကြီးဟာ လေယာဉ် နဲ့ ခရီးသွားဖို့ လေဆိပ်မှာ ပစ္စည်းတွေကို ပေါင်ချိန်ဖို့စောင့်နေစဉ်မှာ ဆရာကြီး စီးမယ့်လေယာဉ်ဟာ စက်ချွတ်ယွင်းနေလို့ ထွက်ခွာချိန်ထက် ၄ နာရီ နောက်ကျမယ်လို့ ကြေညာတာ ကြားလိုက်ရပါ တယ်။ အဲဒီအချိန်မှာ ဟိုဘက် လေယာဉ် ကွင်းမှာ လာကြိုနေတဲ့သူက စောင့်နိုင်ပါ့ မလား။ ပြီးတော့ တက်မယ့်အစည်း အဝေးရော မီမှမီပါ့မလားလို့တွေးပြီး ဆရာကြီးက ဒေါသဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း ဆရာကြီးအနေနဲ့ ဘာမှမတတ်နိုင်တဲ့ အခြေအနေမို့ လေကြောင်းလိုင်း ကောင်တာမှ တာဝန်ရှိသူတွေရဲ့ ရှင်းပြတာကိုပဲ နားထောင်ပြီး ယခင်ထိုင်ခဲ့တဲ့နေရာကို ပြန်လာခဲ့ရပါတယ်။


အချိန်ခဏလေးကြာတော့ ဆရာကြီး ဟာ စိတ်ဆိုးပြေပြီး မတတ်နိုင်တဲ့ အခြေ အနေတစ်ခုအတွက် စိတ်ဆင်းရဲ ဒေါသ ဖြစ်နေ မယ့်အစား လေဆိပ်ကိုလိုက် ကြည့်ပြီး အိမ်အတွက်လိုအပ်မယ့် ပစ္စည်းတွေကို လိုက်ဝယ်နိုင်တာပဲလို့ တွေးမိသွားတယ်။

အဲဒီနောက်မှာတော့ ဆရာ ကြီးဟာ ထိုင်ရာမှထပြီး လေဆိပ်ထဲမှာ လျှောက်ကြည့်နေစဉ်မှာပဲ ဆိုင်တစ်ဆိုင်နားရောက်တော့ အသိတစ်ယောက်နဲ့ ဆုံပါတယ်။ ထိုသူမှာ ၁၀ နှစ်ကျော်ကြာ မတွေ့ဖြစ်တဲ့ ဆရာကြီးနဲ့ တက္ကသိုလ်မှာ ကတည်းက တစ်တန်းတည်း၊ အဆောင်နေ တော့လည်း တစ်ခန်းတည်းဖြစ်တဲ့ ဆရာကြီး ရဲ့အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ် နေပါတယ်။


ဆရာကြီးရဲ့သူငယ်ချင်းလိုက်ပါစီး နင်းမယ့်လေယာဉ်ဟာလည်း နောက်ထပ် ၃ နာရီကြာမှ ထွက်မှာဆိုတော့ ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ပြီး အေးအေးဆေးဆေး စကားပြောခွင့်ရသွား ကြပါတယ်။ စကားစပြောရင်းကနေ ဆရာကြီးဟာ ထိုသူမှာ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်နေတာကို သိခွင့်ရခဲ့ပါတယ်။ ဆရာကြီးသူငယ်ချင်းမှာ ကုမ္ပဏီကို တိုးတက်အောင်လုပ်ပေးမယ့် CEO တစ်ယောက် ရှာနေကြောင်းနဲ့ ဆရာကြီးကိုလည်း သူ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ အတန်တန် တောင်းဆိုလာပါတယ်။ လစာကောင်းကောင်းအပြင် အိမ်၊ ကားနဲ့ အခြားခံစားခွင့်တွေကိုပါ ရရှိမည် ဖြစ်ပြီး အလုပ်ကိုလက်ခံဖို့အကြိမ်ကြိမ် တိုက်တွန်းပါတယ်။


နောက် ၆ လလောက်ကြာတော့ ဆရာကြီးဟာ အစိုးရအလုပ်ကနေထွက်ပြီး ထိုသူကုမ္ပဏီမှာ သွားလုပ်ဖြစ်ခဲ့ပါတယ်။ အစိုးရ အလုပ်မှာ ကောင်းကောင်းထုတ်သုံး ခွင့်မရတဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေကို ကုမ္ပဏီရောက်မှ ထုတ်သုံးပြီး ကုမ္ပဏီတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ ဆရာကြီးမှာလည်း အရင်အစိုးရ လစာထက် အဆများစွာပိုတဲ့ ခံစားခွင့် တွေနဲ့အတူ အဆင်ပြေပြေနေနိုင်သွားပါတယ်။


ဒီနေရာမှာ ဆရာကြီးရဲ့ အကောင်းမြင် စိတ်လေးကို မြင်စေချင်တာပါ။ လေယာဉ် ခရီးစဉ်မှာသာ ဆရာကြီးဟာ လေယာဉ် နောက်ကျတာကိုပဲတွေးပြီး ဒေါသထွက် နေမယ်ဆိုလျှင် ဆရာကြီးရဲ့ ဘဝဟာ တိုးတက်ပြောင်းလဲစေမယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရမှာပါ။


ကျွန်မတို့ ဘာမှမတတ်နိုင်တဲ့ အခြေ အနေတစ်ခု၊ ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ကြုံနေရပြီဆိုလို့ရှိရင် အဲဒါကိုပဲ တွေးပြီး စိတ်ပင်ပန်းခံနေမယ့်အစား ကိုယ့်ရဲ့စိတ်ကလေးကို အပြောင်းအလဲ လေး လုပ်ကြည့်ပါ။ အရာအားလုံးကောင်းဖို့ ဖြစ်လာတာပါလို့ တွေးကြည့်လိုက်ပါ။ အကုန်လုံးအပေါ်မှာ အကောင်းမြင်စိတ် လေးထားကြည့်ပါ။

ကျွန်မတို့ဘဝတွေကို အပြောင်းအလဲဖြစ်စေမယ့် အခွင့်အရေး တွေကို မြင်လာမှာပါ။


ရွေးချယ်မှုဆိုတာက ကျွန်မတို့ရဲ့ပိုင်ဆိုင်ခွင့်တစ်ခုပါ။ ဒီလိုရွေးချယ်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်မတို့ရဲ့ဘဝကို မကြိုးစား ကြည့်ဘဲ ကံတရားကိုပဲ ဦးဆောင်ခွင့် ပေးနေဦးမှာလား။ ဘာဖြစ်လို့ ကိုယ်တိုင် ဦးမဆောင်နိုင်ရမှာလဲ။ ဘယ်လောက်ပဲ ရှုံးနိမ့်ပါစေ။ အကောင်းမြင်နေသမျှ ကာလပတ်လုံး၊ အရှုံးကို လက်မခံသေးဘဲ ကြိုးစားနေသမျှ ကာလပတ်လုံး ကျွန်မ တို့အားလုံးမှာ အောင်မြင်နိုင်တဲ့ အခွင့်အရေးက လက်တစ်ကမ်းမှာပါ။


ကျွန်မတို့အနေနဲ့ လဲကျမှာကို စိတ်ပူ စရာမလိုပါဘူး။ ပြန်မထနိုင်မှာကိုပဲ စိုးရိမ်နေသင့်တာပါ။

ပြီးတော့ ကျွန်မတို့ ရင်ဆိုင်ကြုံ တွေ့နေရတဲ့ အခက်အခဲဆို တာကလည်း အနာဂတ်မှာ ကျွန်မတို့ကို ပိုမိုသန်မာလာစေမယ့် တွန်းအားတစ်ခုဆိုတာကို မြင်တတ်ဖို့ လိုပါတယ်။ ဖြစ်ပြီး သားတွေကို ပြန်ပြင်လို့ မရတော့ပေမယ့် ဖြစ်လာမယ့်အရာတွေကိုတော့ ကိုယ်လိုချင်သလို ပုံဖော်ဖန်တီးလို့ ရနိုင်ပါတယ်။ ကျွန်မလိုချင်တဲ့ဘဝကို ရရှိဖို့ဆိုတာ ကျွန်မတို့မှာသာ တာဝန်ရှိတာပါ။ အကောင်း မြင်စိတ်လေးထားပြီး ကြိုးစားကြည့် ကြပါ။


အမေရိကန် စာရေးဆရာမ Helen Keller ကတော့ ဒီလို ပြောပါတယ်။


“နေရောင်ကိုပဲကြည့်ရင် အရိပ်ကို မြင်နိုင်တော့မှာ မဟုတ်ဘူး”တဲ့။


မယ်ဖြိုး