ရေသန့်လုပ်ငန်းရှင်အသင်း ဖွဲ့ ရန် တိုက်တွန်း

0
469

တနင်္သာရီတိုင်း ရေသန့်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ထပ်မံတိုက်တွန်းမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။


ရေသန့်လုပ်ငန်းရှင်များ စုစည်းပြီး အသင်းဖွဲ့စည်းပါက ဌာနအနေဖြင့် ထိန်းသိမ်းရလွယ်ကူခြင်း၊ လုပ်ငန်းရှင်အချင်းချင်း စုစုစည်းစည်းဖြင့် လုပ်ဆောင်နိုင် မည်ဖြစ်သည့်အတွက် အသင်းဖွဲ့စည်းရန် နှိုးဆော်နေသော်လည်း လက်ရှိအချိန်ထိ မဖွဲ့နိုင်သေးကြောင်း ၎င်းက ဆိုသည်။


ထိုကြောင့် ရေသန့်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းရန် တွန်းအားပေးဆောင်ရွက်သွားမည်ပြီး မည်သည့်အချိန် တွင် ဖွဲ့စည်းနိုင်မည်ကို တိတိကျကျ မပြောနိုင်သေးကြောင်း ဒေါ်မေသန်းနိုင်က ပြောသည်။


“ဘယ်အချိန်ဖွဲ့ နိုင်မလဲဆိုတာက သူတို့အပေါ်မှာ မူတည်တာပေါ့”ဟု ဒေါ်မေသန်းနိုင်က ဆိုသည်။


ရေသန့်လုပ်ငန်းရှင်များအသင်းဖွဲ့ မည်ဆိုက ကြုံတွေ့လာနိုင်မည့် ပြဿနာများကို အခြေခံကျကျ ပူးပေါင်းလုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း သမီးတော်သောက် ရေသန့်လုပ်ငန်းမန်နေဂျာ ဦးစိုးကြည်က ပြောကြားသည်။


“အဖွဲ့အစည်းတစ်ခုရှိရင် ပိုကောင်းတာပေါ့။ အလှူအတန်းတစ်ခုခုလုပ်မယ်ဆို စုပေါင်းပြီး လှူဒါန်းလို့ရတယ်။ စုစည်းညီညွတ်မှု တစ်ခုဖြစ်သွားမယ်”ဟု ၎င်းက ဆိုသည်။


တနင်္သာရီတိုင်းအတွင်း FDA ထောက်ခံချက်ရ ရေသန့်လုပ်ငန်း ၂၇ ခု ရှိကြောင်း တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) စာရင်းအရ သိရသည်။

Dawei Watch