ပေတစ်ထောင်ကျော် တံတားနှစ်စီး ယခုနှစ်အပြီးဆောက်မည်

0
484

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်းရှိ ပေတစ်ထောင်နှင့်အထက်ရှည်သည့် တံတားကြီးနှစ်စီးကို အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။


အရှည် ၁၄၃၃ ပေခန့်ရှည်သည့် တနင်္သာရီတံတားမှာ လက်ရှိတွင် ၈၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး အရှည်ပေ ၁၂၈၇ ရှိသည့် သမုတ်-လော့လော့ တံတားမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။


အဆိုပါ တံတားနှစ်စီး၏ တည်ဆောက်ရေးလုပ်ငန်းမှာ လက်ရှိဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။


တနင်္သာရီတံတားတည်ဆောက်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၆ ဒသမ ၇၇ ဘီလီယံနှင့် သမုတ်-လော့လော့တံတားအတွက် ကျပ် ၆ ဒသမ ၆၅ ဘီလီယံ သုံးစွဲထားပြီးဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။


အထက်ပါတံတားကြီးနှစ်စီးနှင့် အတူအရှည်ပေ ၁၄၀၀ ခန့်ရှိ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးတံတားကို တည်ဆောက်နေပြီး လက်ရှိတွင် ၆၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။


လက်ရှိဘဏ္ဍာနှစ်တွင် ခွဲဝေချထားသည့် ဘတ်ဂျက်ပမာဏအရ ပုလုံးတုံတုံးတံတားမှာ ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီး နိုင်မည်မဟုတ်ဘဲ နောက်ထပ်ဘတ်ဂျက်ရရှိမှသာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ပုလုံးတုံတုံးတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် ၇ ဒသမ ၈ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးလမ်း ဦးစီးဌာနထံမှ သိရသည်။


“လက်ရှိရန်ပုံငွေ အနေအထားမှာတော့ မပြီးနိုင်ဘူးပေါ့”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထက်ပါ တံတားကြီးသုံးစင်း အတွက်ငွေကျပ် ၁၀ ဒသမ ၄ ဘီလီယံ ထပ်မံသုံးစွဲမည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။


အဆိုပါ တံတားကြီးသုံးစင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

Dawei Watch