ပိုင်ရှင်အမည်ပေါက်မှ ယာဉ်သက်တမ်းတိုးပေးမည်

0
1161

မော်တော်ယာဉ်များ သက်တမ်းတိုး ရာတွင် ပိုင်ရှင်အမည်ပေါက်ဖြစ်မှသာ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

ယာဉ်အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် ပိုင်ရှင်၏ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းဖြင့်သာ သက်တမ်း တိုးခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည် ဖြစ်သည်။

အထက်ပါအချက်များဖြင့် မကိုက်ညီပါက ပြည်တွင်းအခွန်များဦးစီးဌာနတွင် ယာဉ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို အခွန်ဆောင် ပြီးမှသာ သက်တမ်းတိုးပေး မည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

အမည်ပေါက်ဖြစ်မှ သက်တမ်းတိုး ပေးမည့် လုပ်ငန်းအပြင် နယ်ဝင် နယ်ထွက်လုပ်ခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ အင်ဂျင်စက် ဆေးအရောင်ပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထားပျောက်ဆုံးခြင်း တို့လုပ်ဆောင်ရာတွင်လည်း အမည်ပေါက်ဖြစ်ရမည်ဟု ကညန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ အမည်ပေါက်ဖြစ်မှ သက်တမ်းတိုးပေးမည့် အစီအစဉ်ကို ကညနရုံးတွင်လည်း အသေးစိတ် ကြေညာပေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ဆီမှာ ခရီးလွန်တွေ ပါရှိတယ်။ ကြိုတင်ပြီးတော့ ဆော်သြမှာပေါ့”ဟု ဦးထင်ပေါ်က ပြောသည်။

ယခင်က ပိုင်ရှင်အမည်ပေါက် ပြောင်းရန် ပြည်တွင်းအခွန်များဦးစီး ဌာနက ဝင်ငွေခွန်ကောက်ခံရာတွင် ယာဉ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ပြီး ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေအရ ၃ ရာခိုင်နှုန်းသို့ လျှော့ချ လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဆိုင်ကယ်တန်ဖိုးကို သတ်မှတ်ရာ၌ ဆိုင်ကယ်ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ CC တို့အပေါ် အခြေခံပြီး စံနှုန်းများ သတ်မှတ်ချက်များရှိသည်။

၂၀၁၅ ခုနှစ်နှင့်အောက် ထုတ်လုပ်သည့် ထိုင်းနိုင်ငံထုတ် အင်ဂျင်ပါဝါ (125 CC) ရှိသည့် ဆိုင်ကယ်တစ်စီးလျှင် စံနှုန်းအဖြစ် ငွေကျပ် ၁၄ သိန်း သတ်မှတ် ထားသည်။

၂၀၁၆ ခုနှစ်ထုတ် Honda Click 125 ဆိုင်ကယ်အား ငွေကျပ်၂၃ သိန်း သတ်မှတ်ထားပြီး အခြားမော်ဒယ်အမျိုးမျိုးအတွက် သီးခြားသတ်မှတ်ထားသည့် စံနှုန်းများရှိသည်။

ဥပမာအားဖြင့် ကျပ်ဆယ်သိန်း တန်ဖိုးသတ်မှတ်ထားသည့်ဆိုင်ကယ် တစ်စီးကို အမည်ပေါက်ပြောင်းရန် ဝင်ငွေခွန် ဆောင်ပါက လက်ရှိဥပဒေ သစ်အရ ကျပ်သုံးသောင်းသာကျသင့် မည်ဖြစ်သည်။

အဆိုပါ ကျသင့်မည့်အခွန်နှုန်းထားမှာ ပြည်တွင်းအခွန်များဦးစီးဌာနတွင် ပေးဆောင်ရမည့် ပမာဏဖြစ်ပြီး အမည်ပေါက် ပြောင်းမည့် ကညနဌာနတွင် ပေးဆောင်ရမည့် အခွန်အခများ မပါဝင် သေးပေ။

Dawei Watch