မွန်ပြည်သစ်နှင့် KNU နှစ်နေရာ ပစ်ခတ်မှုဖြစ်

0
540

မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် ပစ်ခတ်မှုနှစ်နေရာ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက် ကျေးရွာနှင့် ထားဝယ်ခရိုင် ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ တပ်စခန်း တို့တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်ဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။

“ဒီနေ့ (အောက်တိုဘာ ၁၇) မနက် မနက် ၅ နာရီလောက်မှာ ဖြစ်ကြတယ်။ အတိအကျတော့ ဘာမှမသိသေးဘူး”ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက် ပြီး တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံးKNU မြိတ်- ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်ထံ ဖုန်းဖြင့် ဆယ်သွယ်မေးမြန်းရာ ပစ်ခတ်မှု ဖြစ်ပွားသည့်ကိစ္စနှင့် ပတ်သက်ပြီး မသိရှိရသေးဆိုသည်။

ရေးချောင်းဖျားဒေသသည် KNU တပ်မဟာ ၆ လှုပ်ရှားရာနေရာဖြစ်သည့်အတွက် တပ်မဟာ ၆ နှင့် ပစ်ခတ်မှုဖြစ် ပွားနိုင်ချေရှိကြောင်း  ပဒိုဝင်းခိုင်က ပြောသည်။

“ရေးချောင်းဖျားဆိုတာက မွန်ပြည် နယ်ဘက်ခြမ်းဖြစ်တယ်။ ဖြစ်နိုင်ချေရှိ မယ်ဆိုရင် တပ်မဟာ ၆ နဲ့ ဖြစ်နိုင်ချေ ရှိတယ်။ သို့သော်ငြားလည်း အခြားအဖွဲ့ အစည်းတွေဆိုတဲ့ DKBA လား DKBA ခွဲထွက်လား ရှိရင်လည်း ရှိမှာပေါ့ မပြောတတ်ဘူး”ဟု ပဒိုဝင်းခိုင်က ပြောသည်။

မွန်ပြည်သစ်ပါတီ နှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ နယ်မြေအငြင်း ပွားသည့်ကိစ္စများကြောင့် တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီကသည် တစ်နိုင်ငံ လုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် CNA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ် စဲရေးသဘောတူစာချုပ် CNA ကို ယခင် အစိုးရလက်ထက်က လက်မှတ်ရေးထိုး ထားသည့်အဖွဲ့ဖြစ်သည်။

Dawei Watch