တနင်္သာရီတိုင်းတွင် ဆောင်းရာသီ ရက်တိုမည်ဟု ခန့်မှန်း

0
1107

တိုင်းအတွင်းတွင် နိုဝင်ဘာလ အကုန်ထိ ပူမည်ဖြစ်ပြီး ဒီဇင်ဘာလမှ ဇန်နဝါရီလဆန်းအထိသာ ဆောင်းရာသီ ကို ရက်တိုတို ခံစားရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထား သည်။

အောက်တိုဘာလ ၁၂ ရက်က ဂျပန်နိုင်ငံတွင် အားကောင်းသည့် တိုင်ဖွန်း မုန်တိုင်းဝင်ရောက်ခဲ့သဖြင့် ရာသီဥတု ကမောက်ကမ ဖြစ်နေခဲ့ပြီး အေးရန်ထက် အပူပိုင်းဘက်ကို ရွှေ့သွားမည်ဟု အထက်ပါဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။

“အေးဖို့ဆိုတာထက် ရာသီက အပူဘက်ကို နည်းနည်းရွှေ့သွားပြီ။ ဆောင်းရာသီ အနေအထားက သိပ်မဖြစ်နိုင် တော့ဘူး။ ဖြစ်တော့ ဖြစ်မယ်။ ရက်နည်း နည်းလောက်ပဲ ဖြစ်လိမ့်မယ်”ဟု ဦးဟန်ဝင်းအောင်က ပြောသည်။

အောက်တိုဘာလမှ နိုဝင်ဘာလ ကုန်အထိ တိမ်ထုများ ဖြစ်ပေါ်ကာ မိုးရွာလိုက် နေပူလိုက်ဖြစ်နေတတ်ပြီး မထင်မှတ်ဘဲ လျှပ်တပြက် မိုးရွာသွန်း ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက်မထင်မှတ်ဘဲ လေပြင်းတိုက်ခတ်ခြင်းများကို ဆောင်းရာသီ ဖြစ်သည့်အချိန်ထိ ခံစားရမည်ဖြစ် ကြောင်း ဦးဟန်ဝင်းအောင်က ပြောသည်။

ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်း ပိုင်းများတွင်မှ မြူနှင်းများကျကာ အေးလာနိုင်ပြီး ဇန်နဝါရီ နောက်ဆုံးအပတ် ခန့်မှ ဖေဖော်ဝါရီလတွင် အပူဘက်ကို ကူးပြောင်းကာ နွေရာသီရောက်ရှိသွား လိမ့်မည်ဟု ၎င်းက ဆိုသည်။

ယင်းကြားကာလများတွင် အယ်နီညို ဖြစ်ပေါ်လာပါက ဆောင်းရာသီလုံး၀ ပျောက်သွားနိုင်ပြီး အပူချိန်မြင့်တက်လာ နိုင်သည်ဟု ဦးဟန်ဝင်းအောင်က ပြောသည်။

မိုးမြင့်