ယခုဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းအရှည် မိုင်သုံးရာနီးပါး ခင်းမည်

0
404

တနင်္သာရီတိုင်းတွင် ယခုဘဏ္ဍာ နှစ်အတွင်း ကျေးလက်လမ်းအရှည်မိုင် သုံးရာနီးပါး ခင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘတ်ဂျက်စုစုပေါင်း ၄၆ ဘီလီယံခန့် ရရှိထားပြီး ထားဝယ်ခရိုင်တွင် ၁၇ ဘီလီယံ၊ မြိတ်ခရိုင်တွင် ၂၀ ဘီလီယံနှင့် ကော့သောင်းခရိုင်တွင် ၉ ဘီလီယံ အသုံးပြုမည်ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ဌာနအနေဖြင့် လမ်းအရှည် ၂၈၃ မိုင်ခင်းမည်ဖြစ်ရာ မြေသားလမ်း အများ ဆုံးပါဝင်ပြီး ကျောက်ချောလမ်း၊ ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်းများလည်း ပါဝင်ကြောင်း အထက်ပါဌာနညွှန်ကြားရေး မှူး ဦးဇော်မိုးဦးက ပြောသည်။

ယင်းအပြင် အရှည် ၅ ပေမှ ပေ ၁၈၀ အထိ တံတား ၈၁ စင်းနှင့် အခြားလုပ်ငန်းများ လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“လုပ်ငန်းအားလုံးနီးပါးကို တင်ဒါ ခေါ်ပြီးပြီ”ဟု ဦးဇော်မိုးဦးက ပြောသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ ကိုင်တွယ်ကြီးကြပ်သည့် ကျေးလက် လမ်း အရေအတွက်မှာ ထားဝယ်ခရိုင်တွင် လမ်းပေါင်း ၄၃၀ ၊ မြိတ်ခရိုင်တွင် ၆၁၅ လမ်းနှင့် ကော့သောင်းခရိုင်တွင် ၁၇၉ လမ်းရှိကြောင်း ထံမှ သိရသည်။

အဆိုပါလမ်းများကို အတန်းအစား ၃ ခုခွဲကာ သတ်မှတ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

အဓိက လမ်းမကြီးကို  လာရောက် ချိတ်ဆက်သည့် လမ်းကို Class -A အဖြစ်လည်းကောင်း၊ Class -A ကိုချိတ် ဆက်သည့် လမ်းကို Class – B အဖြစ် လည်းကောင်း၊ Class -B ကိုချိတ်ဆက် သည့်လမ်းကို Class -C အဖြစ် သတ် မှတ်ထားသည်။

လာမည့် ၂၀၂၁ ခုနှစ်တွင် Class -A စာရင်းဝင် လမ်းများအားလုံးကို ကတ္တရာလမ်း(သို့) ကွန်ကရစ်လမ်းအဖြစ် လည်းကောင်း၊ Class -B စာရင်းဝင် လမ်းအားလုံးကို ရာသီမရွေးသွားလာ နိုင်သည့် အမာခံလမ်းအဆင့်ဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

Class -C စာရင်းဝင်လမ်းများကိုမူ လာမည့် ၂၀၂၅ ခုနှစ်တွင် အမာခံ လမ်းအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဇော်