တိုင်းအတွင်း ခွေးကောင်ရေ တစ်ထောင်ကျော် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေး

0
667

စက်တင်ဘာလ ၂၈ ရက်တွင် ကျရောက်သည့် ကမ္တာ့ခွေးရူးရောဂါတိုက် ဖျက်ရေးနေ့တွင် တနင်္သာရီတိုင်းရှိ မြို့နယ် ၁၀ ခုမှ ခွေးကောင်ရေ တစ်ထောင် ကျော်အား ခွေးရူးပြန်ကာကွယ်ဆေးထိုး နှံပေးခဲ့သည်ဟု တနင်္သာရီတိုင်းဒေသ ကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။

ခွေးရူးရောဂါအကြောင်း အသိပညာ ရရှိစေရန်၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးသည့် အလေ့အထကောင်းများ ရရှိစေ ရန်နှင့် ခွေးရူးရောဂါ ဖြစ်ပွားမှုနှုန်းလျော့ နည်းစေရန်အတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက ကျွန်မဖြစ်စေချင်တာက တော့ ခွေးမွေးတဲ့သူတွေအနေနဲ့ရော၊ ခွေးချစ်တတ်တဲ့သူတွေအနေနဲ့ရော ခွေးရူးရောဂါ ကာကွယ်ဆေးကို ထိုးတဲ့ အလေ့အကျင့်လေးတွေ ရှိစေချင်တာ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးချုပ်မှ ခွေးရူးရောဂါကာကွယ်ဆေး အလုံးရေ ၁၀၀ ကို တစ်မြို့နယ်လျှင် ၁၀ လုံးစီ ခွဲဝေပေးခဲ့ပြီး ခွေးကောင်ရေ ၁၁၇၄ ကောင်နှင့် ကြောင် ၆၄ ကောင်ကို ထိုးပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် အလှူ ရှင်များသဖြင့် ခွေးကောင်ရေ ၇၁၀ ထိုး ခဲ့ပြီး အခြားမြို့နယ် ၉ ခုတွင် ကောင်ရေ ၅၀ မှ ၁၀၀ ခန့်သာ ထိုးပေးခဲ့သည်ဟု သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက ကောက်ခံ ထားသည့်စာရင်းအရ တနင်္သာရီတိုင်း တွင် ခွေးကောင်ရေ ၇၀၀၀၀ ခန့်ရှိသည် ဟု အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်