ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းစာအုပ် ထုတ်ပေးပြီး နှစ်ပတ်ကျော် ကြာသည် အထိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့ မရသေး

0
608

အစိုးရဌာနဆိုင်ရာ လုပ်ငန်းများ လုပ်ထုံးလုပ်နည်း (SOP) စာအုပ်ကို ထုတ်ပေးလျက်ရှိကြောင်း တိုင်းလွှတ် တော်တွင် ၀န်ကြီးက ဖြေကြားခဲ့သော်လည်း အချို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ နှစ်ပတ်ကျော် ကြာသည် အထိ ယင်းစာအုပ်မရသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။

စက်တင်ဘာလ ၂၅ ရက်က ကျင်းပသည့် တိုင်းလွတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးရဲမြင့်ဆွေက တိုင်းအစိုးရအနေ ဖြင့် SOP စာအုပ်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အချိန် နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် အစီ အစဉ်ရှိမရှိ မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို တနင်္သာရီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ဖြေကြားရာတွင် SOP စာအုပ်များကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများအား စက်တင်ဘာလ ၉ ရက် ကတည်းက စတင်ဖြန့်ဝေဆောင်ရွက်ေ နကြောင်း ဖြေကြားခဲ့သည်။

သို့သော်လည်း လွှတ်တော်ကိုယ် စားလှယ်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအချို့မှာ ယင်းSOP စာအုပ်ကို စက်တင်ဘာလ ၂၅ ရက်အထိ ရရှိခြင်း မရှိသေးကြောင်း ဦးရဲမြင့်ဆွေက လွှတ်တော်တွင် ထောက်ပြဆွေးနွေး ခဲ့သည်။

“အခု(တိုင်းလွှတ်တော်)တက်ရောက် လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တောင်မှ  အဲဒီSOP စာအုပ်မမြင်ဖူးပါဘူး။ ထို့အတူပဲ (လွှတ်တော်) အစည်းအဝေး မစခင် ကိုးနာရီ လေးဆယ့်ငါးမိနစ်မှာ သက်ဆိုင်ရာ မြို့နယ်အသီးသီးကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အခု ချိန်အထိ မရသေးဘူးလို့ ပြောပါတယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

ထားဝယ်ခရိုင်တွင်လည်း ထားဝယ် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အချို့မှလွဲပြီး ကျန်ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့မှာ ယင်းစာအုပ်ကို မရရှိသေးကြောင်း ပြောဆိုကြသည်။

“SOP စာအုပ်မရသေးဘူး။ ရမယ်လို့တော့ ပြောတယ်။ ပိုက်ဆံတော့သွင်း ထားပြီးပြီ”ဟု ထားဝယ်မြို့နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးက စက်တင်ဘာ လ ၂၅ ရက်က ပြောသည်။

ယင်း SOP စာအုပ်များကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ပိုင် ငွေကြေးဖြင့်ဝယ်ယူကြရကြောင်း ထားဝယ်ခရိုင်ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး အချို့က ပြောသည်။

Standard Operating Procedures ဟု ခေါ်သည့် (SOP) စာအုပ်သည် အစိုးရဌာနဆိုင်များ၏ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရေးသားထားသည့်စာအုပ်ဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် ယင်းလုပ်ထုံး လုပ်နည်းများကို ဖုန်း APP ဖြင့်ရေးသားကာ အများပြည်သူသိရှိနိုင်ရန် ဆောင် ရွက်ထားပြီး ဖြစ်သည်။

တနင်္သာရီတိုင်းတွင်မှု လက်ရှိတွင် ယင်းကဲ့သို့ APP ဖြင့် ဖြန့်ဝေနိုင်ခြင်း မရှိသေးကြောင်း တနင်္သာရီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။