ဆိုင်ကယ်၊ ကားအမည်ပေါက် ပြောင်းက အခွန်နှုန်းထားလျော့ လာမည်

0
1424

ဆိုင်ကယ်၊ ကားများ အမည်ပေါက် ပြောင်းလဲချိန်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံသည့် ၀င်ငွေ အခွန်နှုန်းထားကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်လျော့ချတော့ မည်ဖြစ်သည်။

အထက်ပါယာဉ်များ အမည်ပေါက် ပြောင်းပါက ယခင်အခွန်အကောက် ဥပဒေအရ တစ်ကျပ်မှ ကျပ်သိန်းသုံးရာ အထိ ယာဉ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က  စက်တင်ဘာလ ၂၄ ရက်တွင် အတည်ပြုလိုက်သည့်  ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခွန်နှုန်းထားမှာ တစ်ကျပ်မှ သိန်းတစ်ထောင်အထိကို ၃ ရာခိုင်နှုန်းကောက်ခံရန် ပြဋ္ဌာန်းထားသည်။

ဥပမာအားဖြင့် ကျပ်ဆယ်သိန်း တန်ဖိုးသတ်မှတ်ထားသည့် ဆိုင်ကယ် တစ်စီးကို အမည်ပေါက်ပြောင်းရန် ၀င်ငွေခွန်ဆောင်ပါက ယခင်က ကျပ် တစ်သိန်းခွဲ ပေးဆောင်ရမည်ဖြစ်ပြီး လက်ရှိဥပဒေသစ်အရ ကျပ်သုံးသောင်းသာ ကျသင့်မည်ဖြစ်သည်။

အဆိုပါ ကျသင့်မည့်အခွန်နှုန်းထားမှာ ပြည်တွင်းအခွန်များဦးစီးဌာနတွင် ပေးဆောင်ရမည့် ပမာဏဖြစ်ပြီး အမည်ပေါက် ပြောင်းမည့် ကညန ဌာနတွင် ပေးဆောင်ရမည့် အခွန်အခများ မပါဝင်သေးပေ။

အထက်ပါကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၆ ရက် ညနေအထိ တစ်စုံတစ်ရာ ညွှန်ကြားလာခြင်းမရှိသေး ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန် ရှိသူက ဆိုသည်။

“အခွန်နှုန်းထားပြောင်းလဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် မရောက်သေးပါဘူး”ဟု  အထက်ပါ တာဝန်ရှိသူက ပြောသည်။

အခွန်အကောက်ဥပဒေ (အဟောင်း) အရ ၁၅ ရာခိုင်နှုန်းကောက်ခံခြင်းကြောင့် တိုင်းအတွင်းရှိ ဆိုင်ကယ်အများစုမှာ အမည်ပေါက်ပြောင်းလဲခြင်းမရှိတော့ဘဲ မူလပိုင်ရှင်အမည်ပေါက်ဖြင့်ပင် သက်တမ်း တိုးစီးနင်းလေ့ရှိသည်။

အခွန်နှုန်းထားလျော့ချသော်လည်း ကညနဌာနတွင်  အမည်ပေါက်မပြောင်းဘဲ သက်တမ်းတိုးခွင့်ရနေပါက အမည် ပြောင်းကြ မည်မထင်ကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေ ဦးသန်းဇော်လေး ဆိုသည်။

“ဆိုင်ကယ်ဆိုတာက ရောင်းလိုက်ဝယ်လိုက် စီးနေကြတယ်၊ အခွန်ဘယ် လိုပဲလျော့လျော့ အမည်ပြောင်းကြမှာ မဟုတ်ဘူး”ဟု ဦးသန်းဇော်လေးက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဆိုင်ကယ်ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင် ပါဝါ CC တို့အပေါ် အခြေခံပြီး တန်ဖိုးစံနှုန်း သတ်မှတ်ချက်များရှိသည်။

၂၀၁၅ ခုနှစ်နှင့် ယင်းခုနှစ်မတိုင်မီ ထုတ်လုပ်သည့် ထိုင်းနိုင်ငံထုတ် အင်ဂျင်ပါဝါ (125 CC) ရှိသည့် ဆိုင်ကယ် တစ်စီးလျှင် စံနှုန်းအဖြစ် ငွေကျပ် ၁၄ သိန်း သတ်မှတ်ထားသည်။

၂၀၁၆ ခုနှစ်ထုတ် Honda Click 125 ဆိုင်ကယ်အား ငွေကျပ်၂၃ သိန်း သတ်မှတ်ထားပြီး အခြားမော်ဒယ် အမျိုးမျိုးအတွက် သီးခြားသတ်မှတ် ထားသည့် စံနှုန်းများရှိသည်။

Dawei Watch