မြိတ်မီတာခ သဘောတူညီထားသည့် နှုန်းထက် များနေဟုဆို

0
610

မြိတ်မြို့တွင် လက်ရှိကောက်ခံနေသည့် လျှပ်စစ်မီတာခနှုန်းထားများမှာ သဘောတူညီထားသည့်  နှုန်းထားထက်များပြားနေကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းလုပ်ကိုင် သူအချို့က ပြောသည်။

မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ အနေဖြင့် တင်ဒါမခေါ်ယူမီ ကြားကာလ ဓာတ်အားခနှုန်းထား ကောက်ခံရာတွင် ယခင်ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း ၉ ခုက ဒီဇယ်ဈေးနှုန်းအပေါ်မူတည်ကာ တွက်ချက်ကောက်ခံခဲ့သည့် နှုန်းထားထက် ၁၄ ရာခိုင်နှုန်းလျှော့ကောက်ရန် မေလ ၂၄ ရက်က ပြုလုပ်သည့် တွေ့ဆုံပွဲ တစ်ခုတွင် သဘောတူညီခဲ့ကြောင်း ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းလုပ်ကိုင် သူအချို့က ဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် တနင်္သာရီ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီး ဦးအောင်သူရ၊ ပုဂ္ဂလိကမီးလင်းရေး လုပ်ငန်း ၉ ခု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီ တာဝန်ရှိသူတို့ တက်ရောက်ဆွေးနွေးကာ အထက်ပါအတိုင်း သဘောတူညီခဲ့ကြ သည်။

ဇွန်လမှ လက်ရှိအချိန်အထိ ဒီဇယ်တစ်ပီပါ(ဂါလံ ၅၀) လျှင် ၂၀၁၀၀၀ ကျပ် ကျသင့်သည့်အတွက် ယင်းနှုန်းထား အပေါ်မူတည်တွက်ချက်ပါက အထက်ပါ သဘောတူညီမှုအရ မြိတ်စိမ်းလမ်းစွမ်း အင်ကုမ္ပဏီအနေဖြင့် တစ်ယူနစ်လျှင် ၃၈၀ ကျပ်သာ ကောက်ခံရမည်ဖြစ်ကြောင်း ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

သို့သော် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီသည် ဇွန်လအတွက် တစ်ယူနစ် လျှင် ၃၉၅ ကျပ် ကောက်ခံခဲ့ပြီး ဇူလိုင်လ မှ စတင်၍ ၄၂၀ ကျပ် ကောက်ခံမည်ဟု ထုတ်ပြန်လိုက်သည်။

အရှုံးပေါ်နေသည့်အတွက် ဈေးနှုန်း တိုးကောက်ရခြင်းဖြစ်ကြောင်း မြိတ်စိမ်း လန်းစွမ်းအင်ကုမ်္ပဏီ ဒုတိယစီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

“တစ်မြို့လုံးက ၁၁ ကေဗွီလိုင်းတွေ ပြုပြင်တာတွေကြောင့် လစဉ်ကျပ်သိန်း တစ်ထောင်ဝန်းကျင်ခန့် အရှုံးပြနေပါတယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

မြိတ်အခြေစိုက် ပုဂ္ဂလိက မီးလင်း ရေးလုပ်ငန်းရှင်များအနေဖြင့်ပြည်သူများ လျှပ်စစ်နှုန်းထားခ သက်သာစေရန်အ တွက် ရည်ရွယ်ကာ လျှပ်စစ်လုပ်ငန်းကို မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီသို့ လွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းရှင်က ပြောသည်။

“အရှုံးများနေတယ်ဆိုရင် အစက တည်းက ဘာလို့ ကတိပေးတာလဲ” ဟု ၎င်းက ဆိုသည်။

မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီသည် သတ်မှတ်ဈေးနှုန်းထက် နှစ်ဆယ်ရာခိုင် နှုန်းလျှော့ဈေးဖြင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးပေးမည် ဟုလည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ပြောဆိုခဲ့ဖူးသည်။

ကုမ္ပဏီအနေဖြင့် သဘောတူညီထားသည့် တွက်ချက်မှုနှုန်းထားအတိုင်း ကောက်ခံပေးရန်နှင့် ပြည်သူများ ဓာတ်အားခ သက်သာစေရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ ဇူလိုင်လ ၂၉ ရက်က စာဖြင့်တင်ပြထားသည်။

မြင့်မိုရ်(မြိတ်)