မောင်းမကန်ရေပူစမ်းဧရိယာ အတွင်း နေအိမ် ၆ လုံး ပြောင်းရွှေ့ရန် တပ်မှညွှန်ကြား

0
1132

ကုမ္ပဏီများက အဆင့်မြှင့်တင်ရန် ကမ်းလှမ်းထားသည့် မောင်းမကန် ရေပူစမ်းဧရိယာအတွင်း ကျရောက်နေ သည့် နေအိမ် ၆ လုံးကို ၆ လအတွင်း ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

ယင်းနေအိမ် ၆ လုံးမှာ မောင်းမကန် – ပန်းတင်အင်းလမ်းတွင် ရှိပြီး တပ်မတော်မှ ပိုင်ဆိုင်သည့် ရေပူစမ်းဧရိယာ ၁၉ ဒသမ ၆၇ ဧက အတွင်း ကျရောက်နေ ကြောင်း ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

ဇူလိုင်လ ၅ ရက်မှစ၍ ၆ လ အတွင်း အိမ်များကို ဖယ်ရှားပေးရမည်ကို သိရှိပါ ကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် အိမ်ရှင်များအား လက်မှတ်ရေးထိုး ခိုင်းထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးသန့်ဇင်ဦးက ပြောသည်။

နေအိမ်ပိုင်ရှင် အချို့ကမူ ၎င်းတို့သည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ရွာခံပိုင်ရှင်တစ်ဦးထံတွင် ကာလပေါက် ဈေးဖြင့် ၀ယ်ယူခဲ့ပြီး အိမ်ဆောက်ခြင်း၊ ဥယျာဉ်ခြံတည်ခြင်းများ လုပ်ဆောင်ခဲ့စဉ်က မည်သူမှ လာရောက်ဟန့်တားခြင်း မပြုခဲ့ဘဲ ယခုမှ နှင်ထုတ်ခြင်းမှာ မဖြစ်သင့်ဟု ပြောကြသည်။

“တကယ်လို့ တပ်ပိုင်မြေလို့ ဆိုင်း ဘုတ်ထောင်ထားရင် မ၀ယ်ဘူးလေ။ ခုက ၀ယ်ပြီး လမ်းမဘေးမှာ အိမ်ဆောက် တာတောင် လာမတားကြဘူး။ အခုနေသား ကျနေမှ လာနှင်ထုတ်တော့ ဘယ်သွား နေရမလဲ။ နေလာလို့ ခြံတောင်ဖြစ်နေပြီ။ သီးပင်တွေဆို သီးတောင်သီးနေပြီ။ မိသားစုက အများကြီး။ ဒီကပြောင်းရင် နေစရာ မရှိဘူးလေ”ဟု အိမ်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဒေါ်တင်ရွှေက ပြောသည်။

အိမ်ရှင်အချို့နှင့် မောင်းမကန် အုပ်ချုပ်ရေးမှူးက ဥယျာဉ်များကိုသာ ပြန်သိမ်းယူပြီး လူနေအိမ်များကို ချန်လှပ် ပေးစေလိုကြောင်း၊ ပြောကြသည်။

ယင်းရေပူစမ်းဧရိယာအား အဆင့် မြှင့်တင်ရန် ကုမ္ပဏီအချို့က ကွင်းဆင်းစုံ စမ်းခြင်း၊ တပ်ဘက် သက်ဆိုင်ရာဌာနကို ကမ်းလှမ်းလာခြင်းများရှိပြီး ၎င်းကမ်း လှမ်းမှုကို တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချထားခြင်းမျိုး မရှိသေးဟု ကမ်းရိုးတန်း ဒေသစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

“Offer (ကမ်းလှမ်း)လုပ်တဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ ဘယ်သူ့ကို ဘယ်လိုလုပ်ခိုင်မယ်။ ဘယ်လို အဆင့် မြှင့်တင်မယ် ဆိုတာရယ် အသေးစိတ် ကတော့ မဆုံးဖြတ်ရသေးဘူးဗျ”ဟု ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

Dawei Watch