တတိယတန်းနှင့် ဆဌမတန်းကို သင်ထောက်ကူပစ္စည်းများ ပေးမည်

0
953

တိုင်းအတွင်းရှိ တတိယတန်းနှင့် သင်ရိုးသစ် ဆဌမတန်းများအတွက် သင်ထောက်ကူ ပစ္စည်းများ ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

တတိယတန်းအတွက် သာမိုမီတာ၊ သံလိုက်အိမ်မြှောင်၊ ရောင်စုံခဲတံ၊ စသည့် သင်ထောက်ကူပစ္စည်း ၂၈ မျိုးနှင့် ဆဌမ တန်းအတွက် ကမ္ဘာ့မြေပုံ၊ မြန်မာနိုင်ငံ မြေပုံ၊ အပေါ့စား အားကစားပစ္စည်းအချို့ စသည်ဖြင့် သင်ထောက်ကူပစ္စည်း ၄၄ မျိုးတို့ကို ကျောင်းအလိုက် ခွဲဝေပေးမည် ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

ယင်းသင်ထောက်ကူပစ္စည်းများကို ခရိုင်ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် သက်ဆိုင်ရာ ကျောင်းများကို ဆက်လက် ဖြန့်ဝေမည် ဖြစ်သည်။

“ဒီသင်ထောက်ကူပစ္စည်းတွေရဲ့ အရည်အသွေး ဘယ်လို စိစစ်လက်ခံမယ်၊ အသုံးပြုရမယ့်ပုံစံတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲကို ခရိုင်ပညာရေးမှူးရုံးက နေပြည်တော်မှာ သွားတက်နေတယ်။ အဲဒီကပြန်လာမှ ပစ္စည်းတွေ ဘယ်အချိန် ရောက်မယ်။ ဘယ်အချိန်ဖြန့်မယ်ဆိုတာ သိရမှာ” ဟု ဒေါ်မြင့်စိန်က ဇူလိုင်လ ၁၈ ရက်က ပြောသည်။

ပညာရေးစနစ်သစ်အရ သင်ရိုးညွှန်းတမ်း စတင်ပြောင်းလဲသည့် အတန်းများ ကို ယင်းသင်ထောက်ကူပစ္စည်းများပေး ခြင်း ဖြစ်သည်။

ယမန်နှစ် ပညာသင်နှစ်က တတိယတန်းနှင့် ဆဌမတန်းကို သင်ရိုးအသစ် ပြောင်းလဲလိုက်သဖြင့် ယင်းသင်ထောက်ကူပစ္စည်းများ ယခုပညာသင်နှစ်တွင် ချထားပေးခြင်းဖြစ်ကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။

Dawei Watch