ရွှေ ၇၀ ကျပ်သား ခိုးယူမှုနှင့် ပတ်သက်သည့် သံသယရှိသူ ၉ ဦး ဖမ်းဆီးထား

0
864

မြိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ရွှေ ၇၀ ကျပ်သားဖောက်ထွင်းခိုးယူမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၇ ရက်အထိ သံသယရှိသူ ၉ ဦးအား ဖမ်းဆီးထားကြောင်း မြိတ်မြို့ မြို့မရဲစခန်းမှ သိရ သည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်က မြိတ်မြို့ မြစ်ငယ်ရပ် အ.ထ.က (၁) ကျောင်းအနီးရှိ နေအိမ်တွင် အိမ်ရှင်များ မရှိခိုက် ရွှေ ၇၀ ကျပ်သားကျော် ဖောက်ထွင်းခံခဲ့ရသည်။

လက်ရှိတွင် ရွှေများအား ခိုးယူ၊ ရောင်းချရာတွင် ပါဝင်ပတ်သက်ခဲ့သည် ဟု သံသယရှိသူ ၉ ဦးအား ဖမ်းဆီးထားကြောင်း မြိတ်၊ မြို့မရဲစခန်းမှ သိရ သည်။

ဇူလိုင်လ ၅ ရက်က မြို့သစ်ဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦးမှ ၅ ကျပ်သား အလေးချိန်ရှိ ရွှေလက်ကောက်တစ်ကွင်း အား လာရောက်ရောင်းချရာမှ ဆိုင်ရှင်၏ သတင်းပေးမှုနှင့် CCTV မှတ်တမ်း များမှတစ်ဆင့် မြိတ်တောင်ကျေးရွာ အတွင်း နေထိုင်ကြသည့် ကွင်းဆက် သံသယရှိသူများအား ဖော်ထုတ် ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း မြို့မရဲစခန်း မှတ်တမ်း အရ သိရသည်။

“အခိုးခံရတဲ့ ရွှေထည် ၈၀ ရာခိုင်နှုန်း ကိုတော့ ပြန်ရထားပြီးပါပြီ။ ဆက်လက် ပြီးတော့ စုံစမ်းဖော်ထုတ်နေပါတယ်”ဟု အထက်ပါ ရဲစခန်းမှ ဒုရဲမှူးချိုလွင်က ပြောသည်။

လက်ရှိအချိန်၌ ခိုးယူခြင်းခံရသည့် ရွှေထည် ၈၀ ရာခိုင်နှုန်း ပြန်လည် ရရှိပြီဖြစ်ကြောင်း ကာယကံရှင် ဒေါ်ရီရီအေးက ပြောသည်။

“ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းကို တော့ ရဲတွေက ဆက်လက် စုံစမ်းနေသေး တယ်”ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ၁၆ ရက် နံနက်က ရွှေများ ပြန်လည် ရရှိအောင် ဖော်ထုတ်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက် သူများအား ကာယကံရှင်များမှ ဂုဏ်ပြုသည့် အစီအစဉ်တစ်ခုကို မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သည်။

နေအိမ်ပိုင်ရှင် ဦးတင့်ဆွေနှင့် ဒေါ်ရီရီအေးတို့ ဇနီးမောင်နှံ ဇွန်လအတွင်းက ရန်ကုန်မြို့သို့ ဆေးသွားကုနေစဉ် အခိုးခံရခြင်း ဖြစ်သည်။

Dawei Watch