ထားဝယ်ကမ်းနားဈေး ဈေးရုံ အမိုးမြှင့်ဆောက်ရန် ဆုံးဖြတ်

0
1132

ထားဝယ်မြို့တွင် လက်ရှိဆောက် လုပ်နေသည့် ကမ်းနားဈေး ဈေးရုံ ခေါင်မိုးကို လျာထားသည့်အမြင့်ထက် ပိုမိုမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကမ်းနားဈေး ဈေးရုံ၏ ခေါင်မိုးအမြင့်ကို ယခင်က ၁၅ ပေသတ်မှတ်ထားရာမှ ၁၈ ပေအမြင့်ထိ မြှင့်ပြီးဆောက်ရန် ဇူလိုင်လ ၁၉ ရက်နေ့တွင် စည်ပင်ကော်မတီအပါအ၀င် မြို့ခံအချို့က ဆွေး နွေးဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကမ်းနားဈေး ပျံကျနေရာတွင် ခေါင်မိုး ၈၀ ပေ၊ ၄၄ ပေ အကျယ်ရှိ ဈေးရုံ နှစ်ရုံ၊ ၈၀ ပေ၊ ၂၄ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံနှင့် ၁၆၀ ပေ၊ ၁၀၀ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံကို အချိန်သုံးလ အတွင်း အပြီးဆောက်ရန် လျာထားကြောင်း မြို့နယ်စည်ပင်အဖွဲ့ထံမှ သိရ သည်။

ဈေးရုံခေါင်မိုးနိမ့်ပါက လေ၀င်၊ လေထွက်မကောင်းခြင်း၊ အပူဒဏ်ခံရနိုင် ခြင်းများ ဖြစ်နိုင်သည့်အတွက် ဈေးဝယ် သူများ၊ ဈေးရောင်းချသူများ၏ ကျန်းမာရေး ရှုထောင့်မှကြည့်ကာ ခေါင်မိုးကိုမြှင့် ပြီးဆောက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း  မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

“ခေါင်မိုးမြင့်ခြင်းအားဖြင့် အထဲ မှာလူတွေလည်း အပူသက်သာမယ်၊ ဟင်းသီးဟင်းရွက်တွေလည်း တာရှည် အထားခံမယ်ပေါ့”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

အဆိုပါ ဈေးရုံ လေးရုံကို ငွေကျပ် ၃၁၄၆ သိန်းကုန်ကျခံ ဆောက်လုပ်မည် ဖြစ်သည်။

ဈေးရုံအမိုးမြှင့်လိုက်သည့်အတွက်  ထပ်မံကုန်ကျလာမည့် ငွေကြေးကို ထားဝယ်မြို့မှ အလှူရှင်များက စုပေါင်း ထည့်ဝင်မည်ဖြစ်ပြီး ခန့်မှန်းခြေ ကျပ်သိန်း ၅၀ ခန့် ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ခေါင်မိုးကိုမြှင့်ဆောက်မှသာ အပူဒဏ် သက်သာမည်ဖြစ်သည့်အတွက် ဈေးရုံ ခေါင်မိုးမြှင့်တင်မည့် အစီအမံကို လက်ခံကြောင်း ကမ်းနားဈေးတွင် ဟင်းသီး ဟင်းရွက်ရောင်းချနေသည့် ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကောင်းတယ်၊ ခေါင်မိုးက မြင့်လေ ကောင်းလေပဲ”ဟု အဆိုပါ ဈေးသည်က ပြောသည်။

လက်ရှိတွင် ကမ်းနားဈေးပျံကျ နေရာတွင် ဈေးရုံအသစ်တည်ဆောက်နေပြီး ဈေးသည်များကို ဆိပ်ကမ်းသာ ပန်းခြံတစ်ဝိုက်၌ ယာယီနေရာချထားသည်။

ကမ်းနားဈေးတွင် ပျံကျဈေးသည် ၇၀၃ ဦးခန့်ရှိကြောင်း မြို့နယ်စည်ပင် အဖွဲ့ထံမှ သိရသည်။

Dawei Watch