မောတောင်လျှပ်စစ် တင်ဒါခေါ်မည့်ချိန် အတိအကျ မပြောနိုင်သေးဟု လျှပ်စစ်ဝန်ကြီးဆို

0
477

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ တွင် လျှပ်စစ်တင်ဒါခေါ်ယူမည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

မောတောင်မြို့တွင် Royal Myanmar Light ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ အခြေစိုက် TANAOSRI PANICH

ကုမ်္ပဏီတို့ အကျိုးတူ ပူးပေါင်းပြီး တစ်ယူ နစ်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် လျှပ်စစ်မီး ပေးမည့် အစီအစဉ်ကို တိုင်းအစိုးရထံသို့ ယခုနှစ် ဖေဖော်ဝါရီလ ကတည်းက တင်ပြထားကြောင်း Royal Myanmar Light ကုမ္ပဏီထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့က တင်ဒါခေါ်မည်ဟု အကြောင်းပြန်ထားသော်လည်း မည်သည့်အချိန်တွင် ခေါ်ယူမည်ကို မသိရသေးကြောင်း ယင်းကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်ထွန်း က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရအား ဆက်သွယ်မေးမြန်းရာ တင်ဒါခေါ် ယူမည်ဖြစ်သော်လည်း အချိန်ကို အတိအကျ မပြောနိုင်သေးဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် အရေးတကြီး ပြဿနာဖြစ်နေသည့် ထားဝယ်နှင့်မြိတ် တွင် တင်ဒါခေါ်နိုင်ရေး ဦးစားပေး လုပ်ဆောင်နေသည့်အတွက် မောတောင် မြို့အတွက် တင်ဒါခေါ်ရန် အနည်းငယ် ကြာဦးမည်ဟု ဦးအောင်သူရက ပြောသည်။

“တစ်ပြိုင်တည်းဆိုလည်း မဖြစ် ဘူး။ ကျွန်တော်တို့မှာ အလုပ်ကနည်းနည်း များနေတယ်။ တစ်ခုပြီးတစ်ခုတော့ လုပ်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

တင်ဒါခေါ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရပါက ၆ လအတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန်စီစဉ်ထားကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။

မောတောင်လျှပ်စစ်အတွက် ဒီဇယ်အင် ဂျင်၊ ဆိုလာစနစ်၊ လေတာဘိုင်၊ ဘိုင်အို မက်(စ်) စသည့်စက်ရုံများ တည်ဆောက် ပြီး စက်ရုံများကို သင့်လျော်သလို အလှည့်ကျလည်ပတ်ကာ လျှပ်စစ်ထုတ် လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး မည့်ကိစ်္စနှင့်ပတ်သက်၍ ကုမ္ပဏီနှစ်ခုက ဒေသခံအား ဇူလိုင်လ ၉ ရက်က မောတောင်မြို့၊ မြို့မရပ်ကွက်ရှိ ဝေနေယျ သုခဓမ္မာရုံတွင် တွေ့ဆုံရှင်းလင်းခဲ့သည်။

ရှင်းလင်းပွဲသို့တက်ရောက်ခဲ့သည့် ဒေသခံများက တစ်ယူနစ် သုံးရာကျပ် နှုန်းဖြင့် လျှပ်စစ်မီးကို အမြန်ဆုံးဖြန့်ဖြူး ပေးစေလိုကြောင်း ပြောဆိုခဲ့ကြသည်။

သို့သော် မြိတ်တွင် ဖြစ်ပွားခဲ့သကဲ့ သို့ ကုမ္ပဏီဘက်က ကတိပေးထားသည့် ဈေးနှုန်းဖြင့်ပေးရန် ပျက်ကွက်ခြင်းမျိုး မဖြစ်ပွားစေရန်အတွက် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ခိုင်မာသည့် စာချုပ်ချုပ်ဆိုရန် လိုအပ်ကြောင်း ဒေသခံအချို့က ဆိုသည်။

လက်ရှိတွင် မောတောင်မြို့၌ မြိတ် အများပိုင်ကော်ပိုရေးရှင်းနှင့် ဖိုးသီးချို ကုမ္ပဏီတို့ ပူးပေါင်းကာ ဒီဇယ်ဖြင့် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး ဇွန်လအတွက် တစ်ယူနစ်လျှင် ၅၅၅ ကျပ် ကျသင့်ခဲ့သည်။

ကိုဆန်း