ကိုရီးယားသို့ ပို့မည့် ရေလုပ်သားများ အနက် ထားဝယ်သား တစ်ဝက်ကျော် ပါဝင်

0
1283

တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံး အကြိမ် တရားဝင်စေလွှတ်မည့် ရေလုပ် သားများအနက် ထားဝယ်ဒေသခံများ တစ်ဝက်ကျော် ပါဝင်ကြောင်း ရေလုပ် သားများကို ပို့ဆောင်မည့် ရွှေဖြိုးသာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီထံမှ သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရေလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားသူ ၁၅၀ ခန့်မှ ရေလုပ်ငန်း အတွေ့အကြုံရှိသူ ၈၀ ကျော် ရွေးထုတ်ကာ တောင်ကိုရီးယား နိုင်ငံမှ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံ အင်တာဗျူးဖြေဆိုရာတွင် ၂၉ ဦး ရွေးချယ် ခံခဲ့ရကြောင်း ယင်းအေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်သင်းသင်းဝင်းက ပြောသည်။

ယင်း ၂၉ ဦးအနက် ၁၆ ဦးမှာ ထားဝယ်ဒေသခံများဖြစ်ကြောင်း ဒေါ်သင်းသင်းဝင်းက ဆိုသည်။

“ထားဝယ်ဘက်က လာတာများတယ်။ ဒါတောင်မှ ထားဝယ်ချည်း သီးသန့်နော်။ အင်တာဗျူးအောင်တာလည်း ထားဝယ် သားတွေက ထက်ဝက်လောက် အောင် တယ်။ ကျန်တဲ့နေရာတွေက အဲလောက် မပါဘူး”ဟု ဒေါ်သင်းသင်းဝင်းက ဆို သည်။

တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်ငန်း လုပ်ကိုင်ရန်အတွက် ပင်လယ်ပြင် ရေလုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေး ရွေးချယ်ကာ အသက် ၂၀ နှစ်မှ ၄၀ နှစ် ကြားရှိသူများကိုခေါ်ယူခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

လျှောက်ထားသူအနေဖြင့် ရွှေဖြိုး သာကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅ သိန်းခန့်) ပေးရမှာ ဖြစ်ပြီး လစာအနေဖြင့် တစ်လလျှင် မြန်မာကျပ်ငွေ ၂၁ သိန်းကျော်ဖြင့် သုံးနှစ် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဒေါ်သင်းသင်းဝင်းက ပြောသည်။

ရေလုပ်သားများအား ဗီဇာပြုလုပ် ပေးနေသည့် ကာလ သုံးလ၀န်းကျင် အတွင်း ကိုရီးယားဘာသာစကား အပါ အ၀င် လုပ်ငန်းနှင့် သက်ဆိုင်သည့် သင်တန်းများ ပို့ချမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Dawei Watch