ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါကော်မတီတွင် အရပ်ဘက်အဖွဲ့အစည်း လေးဦး ပါဝင်မည်

0
790

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါပြန် ခေါ်မည့် တင်ဒါကော်မတီတွင် အရပ်ဘက် အဖွဲ့အစည်းများမှ လေးဦးပါဝင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။

တင်ဒါကော်မတီတွင် ထည့်သွင်း ဖွဲ့စည်းရန် မြို့နယ်တစ်ခုလျှင် အရပ်ဘက် အဖွဲ့အစည်း(CSO)များမှ တစ်ဦးနှုန်း ပါဝင်စေရန်သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အမည်စာရင်း တောင်းခံထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြို့နယ် ၃ ခုမှ အမည် စာရင်းရောက်ရှိလာပြီဖြစ်ပြီး လောင်းလုံး မြို့နယ်တစ်ခုသာကျန်တော့ကြောင်း တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“အရင်ရှိတဲ့ဟာ (ကော်မတီ) ထဲမှာမှ အရပ်ဘက်အဖွဲ့အစည်းကို ပြန်ထည့်မှာ။တစ်မြိုနယ်ကိုတစ်ယောက်”ဟု ၀န်ကြီး ဦးအောင်သူရက ဆိုသည်။

တင်ဒါကော်မတီအတွက် CSO အသိုင်းအ၀ိုင်းထဲမှ ခေါ်မည်ဆိုပါက ပွင့်ပွင့် လင်းလင်းနှင့် ပွင့်လင်းမြင်သာမှု ရှိရှိ ခေါ်သင့်ကြောင်း ဒေသတွင်း လျှပ်စစ် ပြဿနာဆိုင်ရာ ကိစ်္စရပ်များ လှုပ်ရှားမှုကွန်ယက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ထောက်ပြသည်။

လက်ရှိတွင် ထားဝယ်ခရိုင်အား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီကို ယခုဘဏ္ဍာရေးနှစ်ကုန် သည်အထိ ယာယီလုပ်ခွင့်ပေးထားသည်။

လျှပ်စစ်တင်ဒါပြန်ခေါ်ရာတွင် ထုတ် လုပ်/ဖြန့်ဖြူးကို ပူးတွဲခေါ်မည် သို့မဟုတ် သီးခြားစီခေါ်ယူမည်ကိုမူ တင်ဒါကော်မတီ အစည်းအဝေးလုပ်ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

တင်ဒါကော်မတီကို အတည်ပြုပြီးပါက တင်ဒါခေါ်ယူကြောင်းကို သတင်းစာတွင် တစ်လကြိုတင် ကြေညာရမည်  ဖြစ်သည်။

ကိုဇော်