ရေမြောင်း/လမ်း မလွတ်သည့် ဖုန်းတိုင်နှင့် မီးတိုင်များ ပြန်နုတ်ရမည်

0
1006

ထားဝယ်မြို့အတွင်းရှိ ရေမြောင်း အတွင်း စိုက်ထူထားသည့် ဆက်သွယ်ရေး ဖုန်းတိုင်နှင့် လျှပ်စစ်မီးတိုင်များကို ပြန်နုတ် ခိုင်းတော့မည် ဖြစ်သည်။

ရေမြောင်းအတွင်း စိုက်ထူထားသည့် ဖုန်းတိုင်များ၊ မီးတိုင်များကြောင့် ရေစီးရေလာပိတ်ဆို့သည့်အတွက် ပြန်နုတ်စေမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။

လမ်းနှင့်မလွတ်သည့် တိုင်များကိုလည်း ပြန်နုတ်ရမည် ဖြစ်သည်။

ထို့အပြင် နေအိမ်ရှေ့အ၀င်လမ်းတွင် အိမ်ပိုင်ရှင်၏ သဘောတူညီမှုမရှိဘဲ စိုက် ထားသည့် တိုင်များကိုလည်း ပြန်နုတ်ခိုင်း မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

“မြောင်းထဲမှာ စိုက်ထားတဲ့တိုင် မှန်သမျှ အကုန်နုတ်ရမှာ၊ EPC (မီးတိုင်)လည်း နုတ်ရမှာပဲ”ဟု ဦးလှဦးက ပြော သည်။

လမ်းဘေးတွင် ဖုန်းတိုင်များစိုက်ထူ ထားခြင်းနှင့် ပတ်သက်၍ စည်ပင်ကော်မတီက ဆက်သွယ်ရေးကုမ္ပဏီအချို့မှ တာဝန်ရှိသူ များကို မေလ ၂၁ ရက်က စည်ပင်ရုံးသို့  ခေါ်ယူကာ အသိပေးခဲ့သည်။

ဆက်သွယ်ရေးကုမ်္ပဏီများက ဖုန်းတိုင် စိုက်ထူရာတွင်  သက်ဆိုင်ရာရပ်/ကျေး တာဝန်ရှိသူများကိုလည်း ဆက်သွယ် အကြောင်းကြားခြင်း မရှိဟု ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့က ဆိုသည်။

ယင်းသို့ ဆက်သွယ်အကြောင်းကြား ခြင်းမရှိဘဲ စိုက်ထူကြခြင်းမှာ ခိုးစိုက်နေသည့် သဘောဖြစ်နေကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းရှိန် က ဆိုသည်။

“သွားမေးရင်လည်း ဘယ်ကုမ္ပဏီ ဆိုတာ မဖြေဘူး”ဟု ဦးထွန်းရှိန်က ပြော သည်။

လောင်းလုံးမြို့နယ် မောင်းမကန် ကျေးရွာတွင်လည်း ဖုန်းတိုင်လာစိုက်ချိန်  ရွာတာဝန်ရှိသူများ၏ ကြီးကြပ်မှုမရှိပါက ရေမြောင်း၊ လမ်းနှင့် မလွတ်ကင်းသည့် နေရာများတွင် လွယ်လင့်တကူ စိုက်ထူ သွားကြကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းနိုင်က ဆိုသည်။

ထားဝယ်တွင် MPT ၊ Mytel၊ MBT ၊ Ocean Wave ကုမ္ပဏီများက ဖုန်းတိုင်များ စိုက်ထူကာ ကြိုးသွယ်တန်း နေကြသည်။

Myanmar Broadband (MBT) ၏ တနင်္သာရီတိုင်း ကိုယ်စားလှယ်ကမူ တိုင်စိုက်ထူမည် ဆိုပါက သက်ဆိုင်ရာ ဌာနများသို့ တင်ပြပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ညှိနှိုင်းအကြောင်းကြားကာ ပြေလည်မှုရှိမှသာ လုပ်ဆောင်ကြောင်း ပြောသည်။

“ရပ်ကွက်တွေက လက်ခံရင် စိုက် တယ်၊ လက်မခံရင် မစိုက်ရဘူးပေါ့နော်”ဟု MBT ၏ တနင်္သာရီတိုင်း ကိုယ်စားလှယ် ဒေါ်သန်းသန်းနွယ်က ဆိုသည်။

မြို့ရွာများအတွင်းရှိ အိမ်ပိုင်ရှင် အချို့ကလည်း ၎င်းတို့အိမ်ရှေ့တွင် ဖုန်းတိုင် စိုက်ထူချိန်၌ ၎င်းတို့အား တစ်စုံတစ်ရာ ညှိနှိုင်းခဲ့ခြင်းမရှိကြောင်း ပြောဆိုမှုများ ရှိနေသည်။

ညှိနှိုင်းမှုမရှိဘဲ မိမိဆိုင်ရှေ့တွင် ဆက်သွယ်ရေးကုမ်္ပဏီနှစ်ခု၏ ဖုန်းတိုင် နှစ်တိုင် လာစိုက်သည့်အတွက် ဆိုင်အတွင်း ၀င်ထွက်သွားလာရာတွင် အခက်အခဲဖြစ် နေကြောင်း ကညုံရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“လာစိုက်မယ်ဆိုပြီး လုံးဝလာညှိနှိုင်း တာမရှိဘူး၊ သူတို့က စက်ကြီးတွေ လွန်တွေနဲ့ တစ်ခါတည်းလာပြီးတော့ ထိုးချသွားတာ၊ တွင်းတူးတုန်းကတော့ ဘာမှမဖြစ်သေးဘူး၊ တိုင်ကြီးစိုက်ချလိုက်တော့မှ သွားဖို့လာဖို့ ခက်ခဲသွားတာ”ဟု ၎င်းက ဆိုသည်။

ထားဝယ်ဒေသကဲ့သို့ လမ်းမပေါ် တွင် ဖုန်းတိုင်များပြားနေခြင်းမျိုးကို အခြား မြို့များတွင် မတွေ့ရကြောင်း မြန်မာပြည် အနှံ့ ဘုရားဖူးပို့ဆောင်ရေး လုပ်ကိုင်နေသည့် ဒေါ်မေမေမြက ပြောသည်။

တနင်္သာရီတိုင်း၏ အခြားခရိုင်မြို့ကြီးနှစ်မြို့ဖြစ်သည့် မြိတ်နှင့် ကော့သောင်း မြို့များတွင် အဆိုပါပြဿနာကို ဖြေရှင်း ပြီး ဖြစ်ကြောင်း စည်ပင်ကော်မတီဥက်္ကဋ္ဌ များက ပြောသည်။

မြိတ်မြို့တွင် မြောင်းအတွင်းနှင့် လမ်းပေါ်ရောက်နေသည့် မီးတိုင်ဖုန်းတိုင် အားလုံးနီးပါးကို ပြန်နုတ်ထားပြီးဖြစ် ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက ပြောသည်။

ထပ်စိုက်ထူမည့် လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များကိုလည်း မြောင်းနှုတ်ခမ်း တွင်စိုက်ရန် စာထုတ်ထားကြောင်း ၎င်းက ပြောသည်။

“မနုတ်ရသေးတာကတော့ မဆို စလောက် အနည်းအကျဉ်းပဲကျန်ပြီ”ဟု ဦးမြတ်ကိုကိုက ဆိုသည်။

ကော့သောင်းမြို့နယ်တွင်မူ စိုက်ထူ ရမည့်နေရာကို သတ်မှတ်ပေးပြီး ရေမြောင်း၊ လမ်းနှင့် မလွတ်ကင်းသည့် တိုင်များရှိပါ က သက်ဆိုင်ရာဌာနကို ခေါ်ယူအသိပေး နေကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက်္ကဋ္ဌ ဦးတင်မြင့်ကဆိုသည်။

သရက်ချောင်း၊ ရေဖြူနှင့် ကျွန်းစု မြို့နယ်တွင်လည်း လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များ လမ်းနှင့်မလွတ်ကင်းခြင်း၊ ရေမြောင်းအတွင်း ရောက်နေခြင်း မရှိဟု အဆိုပါမြို့နယ်များ၏ စည်ပင်သာယာ ရေးကော်မတီဥက္ကဌများက ပြောသည်။

တနင်္သာရီအပတ်စဉ်က မေးမြန်းခဲ့ သည့် မြို့နယ် စည်ပင်ကော်မတီဥက်္ကဋ္ဌများ ၏ ပြောဆိုချက်များအရ ထားဝယ်မြို့ သည် ရေမြောင်း၊ လမ်းနှင့် မလွတ်ကင်းဘဲ စိုက်ထူထားသည့် ဖုန်းတိုင်နှင့် လျှပ်စစ် မီးတိုင်များ အများဆုံးရှိနေသည်။

ထားဝယ်မြို့ စည်ပင်သာယာရေး ဧရိယာပြင်ပရှိ ဖုန်းတိုင်နှင့် လျှပ်စစ်မီးတိုင်များ လမ်း၊ ရေမြောင်းနှင့် မလွတ်ကင်း ပါက သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေး မှူးမှတစ်ဆင့် တင်ပြနိုင်ကြောင်း ထားဝယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း က ဆိုသည်။

“EPC (လျှပ်စစ်)တို့ ဆက်သွယ်ရေး တို့နဲ့ ညှိနှိုင်းပြီး လုပ်ပေးရမှာပေါ့၊ သူတို့ တင်ပြလာရင်ပေါ့”ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

လမ်းဘေးဖုန်းတိုင်အားလုံးတွင်  သက်ဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီ၏ အမှတ်တံဆိပ်(Logo) ရိုက်နှိပ်ရန်၊ တိုင် စိုက်ထူသူများ ကုမ္ပဏီ၏ ယူနီဖောင်း ၀တ်ဆင်ရန် နှင့် တိုင်စိုက်ထူမည်ဆိုပါက စည်ပင်ထံအကြောင်းကြားရန် အစရှိသည့် အချက်များကို ပြုလုပ်ရန် မေလ ၂၁ ရက်တွင်ကုမ္ပဏီများအား ထားဝယ် စည်ပင်ကော်မတီက ခေါ်ယူအသိပေး ခဲ့သည်။

ဆက်သွယ်ရေးကုမ္ပဏီအချို့က ဖုန်းတိုင်စိုက်ထူရာ၌ စည်ပင်ကော်မတီကို အကြောင်းကြားပြီး ကော်မတီ၏ ခွင့်ပြု ချက်ရမှသာ စိုက်ထူရမည်ဖြစ်ပြီး လက်ရှိတွင် ကော်မတီကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ စိုက်ထူထားကြကြောင်း ထားဝယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။

ဖုန်းတိုင်ရှိပြီးသား နေရာတွင် လက်ရှိ ကြိုးသွယ်တန်းထားခြင်းမရှိသေးသည့် တိုင်များကိုလည်း ပြန်နုတ်ခိုင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်သွယ်ရေး ကုမ္ပဏီအချို့အနေ ဖြင့် အခြားကုမ္ပဏီက စိုက်ထူသွယ်တန်း ထားပြီးသည့်တိုင်များတွင် အချင်းချင်း ညှိနှိုင်းကာ သွယ်တန်းနိုင်ကြောင်း ကော်မတီ တာဝန်ရှိသူများက ပြောကြသည်။

ဖုန်းတိုင်များ ပြန်နုတ်မည့်ကိစ္စ အတွက် ထားဝယ်မြို့နယ် စည်ပင်ကော်မတီက အထက်ပါကုမ္ပဏီများအား မေလ ၂၈ ရက်ကို ပြန်ချိန်းထားသည်။

ရေမြောင်း၊ လမ်း နှင့် မလွတ်သည့် တိုင်များကို သက်ဆိုင်ရာကုမ္ပဏီက မိမိစရိတ်ဖြင့် ပြန်နုတ်ရမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက ပြောသည်။

“မနုတ်ကြဘူးဆိုရင် စည်ပင်က ဆွဲနုတ်မယ်၊ (နုတ်ပြီးရင် ကုမ္ပဏီက)ကုန်ကျစရိတ်ပေး၊ ကုန်ကျစရိတ်မပေးရင် တိုင်တွေ သိမ်းမယ်”ဟု ၎င်းက ဆိုသည်။

Dawei Watch