မိုးဦး စလေပြီ။ မြေကြီး မိုးစိုသည်နှင့် တပြိုင်နက် မြေကြီးထဲမှ မှိုပွင့်များ တိုးထွက် လာကာ မှိုရာသီ စတင်ပါတော့သည်။
“မှိုရသည့် မျက်နှာ” များ မြင်တွေ့ကြရ ပါတော့မည်။
မှို ၀ါသနာအိုးအချို့ လှုပ်လှုပ်ရွရွ ဖြစ်ကြ၊ သတင်းမေးကြ၊ နားစွင့်ကြ လေပြီ..။ ဘယ်မှိုအမျိုးအစားတွေ စပွင့် နေပြီလဲ။
“ဟိုဘက်ရွာမှာတော့ ကြေးနှုတ်မှို ရောင်းတောင် ရောင်းနေပြီဆိုပဲ”
“ရော်ဘာတောမှာ လူမှိုတွေ ရလာ သတဲ့”
စသဖြင့် မည်သည့်မှိုများ မည်သူတွေ စတွေ့ကြပြီ၊ စားနေ၊ ရောင်းနေကြပြီကို မှိုရှာတတ်သူအချင်းချင်း ပြောကြဆိုကြ သတင်းပေးကြရင်း ဆွဲခြင်းကလေးဆွဲကာ ယခင်နှစ်များက မိမိတို့ မှိုရှာဖွေတွေ့ရှိခဲ့ ဖူးသည့်နေရာများကို အပြေးအလွှား သွားရောက်စူးစမ်းကြည့်ကြ၊ မရှိသေးရင် တိတ်တိတ်ကလေး ပြန်လာကြ။ ရလာလျှင် အချင်းချင်း ပြန်ကြွားကြလေပြီ။
မိသားတစ်စုလုံးက မှိုရှာရာတွင် ဆရာတစ်ဆူအဖြစ် ငယ်ငယ်ကတည်းက သတ်မှတ်ခံခဲ့ရသည်ဆိုသော လောင်းလုံး မြို့နယ် ကဘူကျေးရွာ အသက် ၇၀ နှစ် ဒေါ်အေးမိစံသည် ဘယ်အချိန် နေရာမျိုး တွင် ဘယ်မှိုပွင့်သည်ဆိုသည်ကို ဒက်ခနဲ ပြောနေနိုင်ပါသည်။
“ဒီလို မိုးဦးကျမျိုးက မှိုအများဆုံးပွင့် တဲ့ကာလပဲ။ ဒီအချိန်ဆိုရင်တော့ ကြေးနှုတ် မှို အများဆုံးပွင့်တာပေါ့” ဟု ဒေါ်အေးမိစံက ဆိုသည်။
ယင်းသို့ မည်သည့်အချိန် မည်သည့် နေရာတွင် မည်သည့်မှို ပွင့်သည်ကို လူကြီး သူမ အတော်များများက သိနေတတ် သည်။
စိတ်သွားတိုင်း ကိုယ်မပါတော့သည့် အရွယ်တို့ကလည်း မှိုရာသီတွင် ပွင့်ဝေ နေမည့် မှိုတို့ကို မျက်လုံးထဲ မြင်ယောင် တွေးဆနေတတ်ကြပါသည်။
“စပါးနယ်ထားတဲ့ တလင်းမှာ မိုး တစ်မနှစ်မ ရွာလိုက်ရင် မှိုတွေအများကြီး ပွင့်တယ်၊ မနက်မိုးမလင်းခင် ထပြီး ရော်ဘာတောမှာလည်း လိုက်ကောက်ရ တယ်။ သူဦး ကိုယ်ဦးကောက်ကြတာပေါ့”ဟု မြိတ်မြို့နယ် တောင်ရှည်ကျေးရွာသူ အသက် ၈၅ နှစ်ရှိ ဒေါ်သန်းမြင့်က ပြောသည်။
သူတို့ မျက်လုံးထဲ မြင်ယောင်နေ တတ်သည့်မှိုများမှာ သစ်တုံး၊ သစ်ငုတ်တို တို့တွင်ပေါက်သည့် မှိုမုန့်သန်း၊ မှိုကလိ၊ မှိုအုန်းသီး၊ မှိုနှာခေါင်းတွေ၊ မှိုဖက်နား စသဖြင့်နှင့် မြေကြီးတွင် ပေါက်သည့် ကျွဲသည်းမှို၊ အင်မှို၊ မှိုနီ၊ မှိုဖြူ၊ မှိုဖယောင်း၊ နောက်ချေးမှို၊ ၀ါးရင်းမှို၊ တောင်ပို့မှို စသဖြင့်။
ရာသီပေါ်မှိုကို ဈေးဖိုးရရေး ပြန်လည် ရောင်းချရန် ရှာဖွေသည့် မှိုမုဆိုးများလည်း ရှိသကဲ့သို့ ဟင်းစားအတွက်သာ ရည်ရွယ် ရှာဖွေပြီး ဟင်းစားပိုလျှံပါက မိတ်ဆွေများ အိမ်နီးနားချင်းများကို ပြန်လည်ဝေငှရန် ရှာဖွေကြသူများလည်း ရှိသည်။
မှိုရှာရန် ၀ါသနာကြီးသူတို့က လမ်းသွား လျှင်ပင် မြေကြီးကိုသာ၊ လမ်းဘေးဝဲယာ ကိုသာ ကြည့်သွားနေတတ်ပါသည်။
“သွားရင်းလာရင်းနဲ့ ရှာတာလည်း ရှိတယ်၊ စားကုန်တာ စားမယ်၊ စားမကုန်တာ သူများကို ပေးမယ်” မေတ္တာမြို့နယ်နေ ဦးရဲအောင်က ပြောသည်။
ထူးခြားသည့် မှိုဓလေ့တစ်ခုမှာ ရာသီပေါ်မှိုအားလုံးသည် ပိုင်ရှင်မဲ့။
ရာသီပေါ်မှို၏ ပိုင်ရှင်သည် သူပေါက် သည့် မြေပိုင်ရှင် မဟုတ်ပါ။ သူ့ကို ဆွတ်တဲ့ သူသာ သူ့ပိုင်ရှင်ပါ။
ကိုယ့်ခြံဝင်ထဲပေါက်နေလျှင် ကိုယ့်မှို ဟု မောင်ပိုင်စီးခွင့် မရှိပါ။
ကိုယ့်အိမ်ဝင်းထဲ ပေါက်နေပြီး ကိုယ့် မျက်စိရှေ့တွင် တူးဆွတ်သွားလျှင်ပင် ခြံရှင်က ပြန်တောင်းခွင့် မရှိပါ။ သူမြင် သူတူး၊ ကိုယ်မြင်ကိုယ်ဆွတ်။
ယင်းအတွက် တစ်ဦးနှင့်တစ်ဦး စိတ်ဆိုးလေ့မရှိပါ။ ယင်းသည် ချစ်စရာ ထုံးတမ်းတစ်ခု ဖြစ်နေပါပြီ။
“မှိုမှာ ပိုင်ရှင်မရှိဘူး၊ ကိုယ့်ခြံထဲမှာ မှိုလေးနည်းနည်း ၀င်ရှာဦးမယ်ဆိုပြီး ရှာ သွားကြတာပဲ။ စိတ်မဆိုးကြဘူး” ဟု ဦးရဲအောင်က ပြောသည်။
ယင်းသို့ မှိုတွင် ပိုင်ရှင်မရှိခြင်းကလည်း မှိုသည် နတ်ကြီးသည်ဟု ပြောစမှတ် စေခြင်း ဖြစ်ပါသည်။ မှိုများကို တွေ့လျှင် တစ်ယောက်တည်းပင် လုလုယက်ယက် တူးဆွတ်နေမိ တတ်ပါသည်။
မိမိတွေ့ထားသော မှိုခင်းကို တခြား သူများ လာတူးလျှင် တရားဝင် တားမြစ် ခွင့် မရှိ၊ မချိပြုံးလေးဖြင့် ခွင့်ပြုပေးလိုက် ရသည်သာ ဖြစ်၍ တခြားသူငှာ မမြင်မီ အမြန်တူးရသောကြောင့် ဖြစ်ပါသည်။
ယင်းကို မှိုလောဘဟု ခေါ်ကြသည်။
ဒေါ်အေးမိစံကတော့ မှိုစုရှာကြစဉ် မှိုခင်းတွေ့လျှင် အခြားသူများ မိမိထံ မလာစေရန် ပရိယာယ်သုံးကာ ပထုတ် သည်။
“ငါကတော့ မှိုပြင်ကြီးတွေ့ပြီဆို မှိုကတော့ ရှားလိုက်တာ၊ ရှာလို့လည်း မတွေ့ဘူးလို့ အော်ပြောလိုက်တယ်။ ပြီးမှ ကြိတ်ပြီးဆွတ်တာ။ တစ်ခါတလေဆို သစ်ရွက်လေး တွေနဲ့အုပ်ထားလိုက်တယ်။ ကိုယ့်မှာမှို တွေ့ပြီဆို ကြိတ်ပြီးနေရတယ်။ လာလုမှာ စိုးလို့” ဟု ဒေါ်အေးမိစံက ဆို သည်။
မှိုရှာတတ်သူအများစုက မိမိနှစ်စဉ် ကျက်စားရာနေရာကို သေသေချာချာ မှတ်သားထားတတ်ပါသည်။ တချို့ဆို လျှင် မည်သည့်နေရာတွင် မည်သည့်မှို ပွင့်သည်ကို စာရွက်နှင့်ပင် အတိအကျ မှတ်သားထားလေသည်။
“ဘယ်မှိုဘယ်နေရာမှာ ဘယ်အချိန် ပွင့်တယ်ဆိုတာ မှတ်ထားလိုက်။ နောက် နှစ်လဲ အဲနေရာမှာပဲ ပွင့်တယ်။ မြန်မာရက် နဲ့ မှတ်ရင်တော့ ပိုလွဲတယ်။ အင်္ဂလိပ်ရက် နဲ့မှတ်ရတယ်။ အင်္ဂလိပ် ရက်နဲ့မှတ်ထားရင် လွဲရင် သုံးလေးရက်ပဲ။ အဲလိုမှတ်ထားရင် နောက်တစ်ခါဆို အဲနေရာကို သူ့ထက်ငါ ဦးအောင်သွားပြီး ရှာရုံပဲ” ဟု ဒေါ်အေးမိစံ က ပြောပါသည်။
ယင်းသို့ မိမိမှတ်သားထားသည့် နေရာကို မိမိ၏ မိသားစုဝင်များမှအပ တခြားလူများအား တော်ရုံ မပြတတ် ကြပါ။
“ဘယ်သူ့မှမပြောဘဲ တိတ်တိတ် လေးမှတ်ထားရတယ်။ မှိုပေးတာတော့ ပေးပေါ့၊ ကွန်ချက်(နေရာ)မပြထားဘူး”ဟု ကော့သောင်းမြို့ အောင်သုခရပ်ကွက်မှ ဦးမွန်ကြီးက ပြောသည်။
ခရီးသွားဟန်လွဲ မှိုတွေ့သူများကို အလွန်ကံကောင်းသူအဖြစ် သတ်မှတ်လေ့ ရှိပါသည်။
ကိစ်္စတစ်ခုခုဖြင့် ခရီးသွားလာရင်း မှိုတွေ့လျှင် လာဘ်ကောင်းပြီး မိမိလုပ် ဆောင်မည့်ကိစ်္စ အောင်မြင်ပြီဟု ယုံကြည် ကြလေ့ရှိကြောင်း မေတ်္တာမြို့နယ်မှ ဦးရဲ အောင်က ပြောသည်။
“အဲလောက်နဲ့တင်ဘယ်ကမလဲ အိပ်မက်ထဲမှာ မှိုခင်းကြီးတွေ့တယ်ဆို ရင်တောင် အကြံအစည်တွေအောင်တော့ မယ်၊ လာဘ်ကောင်းတယ်ပေါ့”ဟု ဦးရဲအောင်က ဆိုသည်။
မှိုရာသီတွင် ပေါက်သည့်မှိုတိုင်း စား၍ မရပါ။ မစားသင့်သည့်မှိုကို စားမိ လျှင် အဆိပ်သင့် မူးဝေအော့အန်ကာ အရေး ပေါ် ဆေးရုံတင်ရသည်အထိ ဖြစ်တတ်ပါ သည်။
မှိုရှာသူအများစုကတော့ တွေ့သည့် မှို စား၍ရ မရ ကိုယ့်အထာနှင့် ကိုယ် ခွဲ တတ်ကြသည်။
“စားလို့ရတဲ့မှိုက အနံ့မရှိဘူး။ စားလို့ မရတဲ့မှိုက အနံ့စူးတယ်။ ဆွတ်လိုက်တာနဲ့ (ရိုးတံမှာ) ကွမ်းသွေးလို အနီရောင်ထွက် နေတယ်ဆိုရင်လည်း မရဘူး။ နောက် ခြေချင်းပါတဲ့မှိုဆို စားလို့မရဘူး”ဟု ဒေါ်အေးမိစံက ပြောပြသည်။
သိပံ္ပနည်းကျ စမ်းသပ်နိုင်သည့်နည်း များလည်း ပေါ်ပေါက်နေပါပြီ။
တချို့ မှိုကို ကန်စွန်းရွက်ရောကာ ကြော်လေ့ရှိသည်။ ကန်းစွန်းရွက်က အဆိပ်ဖြေပေးနိုင်သည်ဟု ဆိုကြပါသည်။
ဦးရဲအောင်ကတော့ မှိုမူးလျှင် မှိုစားကာ ပြန်ဖြေရန် ညွှန်းပါသည်။
“ကြိုက်တဲ့မှိုစားပြီး မူးနေပစေ၊ မှိုမုန့်သန်း လက်တစ်ဆုပ်လောက် စားလိုက် ရင် မူးမော်တာ ချက်ချင်းပျောက်သွားတယ်။ မှိုမုန့်သန်းကို မှိုဘုရင်လို့လည်း တင်စားကြတယ်” ဟု ဦးရဲအောင်က ဆို သည်။
ဥယျာဉ်ခြံများထဲ၊ တောထဲတောင်ထဲ မှိုရှာဖူးကြသူတိုင်းတွင် အမှတ်ရစရာ အတွေ့အကြုံ တစ်ခုစီ ရှိနေတတ်ကြပါ သည်။
“မမေ့နိုင်တာကတော့ မှိုကို မဲနေ တုန်း မြွေလိုက်ခံရတာပဲ” ဟု ကော့ သောင်းမှ ဦးမွန်ကြီးက ပြောသည်။
မှိုဘုရင်မ ဒေါ်အေးမိစံ၏ အတွေ့ အကြုံက ရင်တုန်စရာ။
ဆယ်နှစ်သမီးအရွယ် ဟိန္ဒားသတ္တု မိုင်းတွင် နေစဉ်ကမှိုရှာရင်း ကျား၊ တောဆင်၊ လူဝံများ တွေ့ဖူးကြောင်း ဒေါ်အေးမိစံက ဆိုပါသည်။
“မှတ်မှတ်ရ အခုထိ မျက်စိထဲမြင်နေ တာကတော့ ကျားသားအမိ နို့တိုက်နေတာ တွေ့ဖူးတာပဲ။ ကိုယ်ကအရင်မြင်သွားလို့ တော်သေးတယ်။ ပြေးလို့ မရဘူး။ အတူတူ မှိုရှာတဲ့သူတွေကို ရှူးတိုးတိုးဆိုပြီး ခြေသံ မကြားအောင် တောင်အောက်ဆင်းလာ လိုက်တယ်”ဟု ဒေါ်အေးမိစံက ပြောပါ သည်။
ယခု ဒေါ်အေးမိစံ မှိုရှာသည့်အလုပ် ကို စွန့်လိုက်ပါပြီ။ မြွေကြောင့် စွန့်လိုက် သည်ဟု ဆိုပါသည်။
“မနှစ်က တောထဲမှာ မြွေမိတ်လိုက် တာတွေ့ပြီးကတည်းက မှိုမရှာတော့တာ။မြွေတော့ ငါကြောက်တယ်”ဟု ၎င်းက ဆိုသည်။
မည်သို့ဆိုစေ မိုးဦးစတွင် မှိုရသည့် မျက်နှာများ မြင်တွေ့ရတော့မည်က သေချာ ပါသည်။
တနင်္သာရီသတင်းအဖွဲ့