ထားဝယ်အကျဉ်းထောင် အပါအ၀င် ထောင်ခုနစ်ခုတွင် ထောင်ဆူ

0
1275
ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်အကျဉ်းထောင် အပါအ၀င် ထောင်ခုနစ်ခုတွင် ထောင်ဆူပူမှုဖြစ်ပွားကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၉ ရက်တွင် ထုတ်ပြန်သည်။

သမ်္မတ၏ လွတ်ငြိမ်းသက်သာခွင့် များအပေါ် အကြောင်းပြု၍ အကျဉ်းသားများ ဆူပူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မေလ ၈ ရက်တွင် ကလေးထောင်နှင့် ဘားအံထောင်တွင်လည်းကောင်း၊ မေလ ၉ ရက်တွင် ရွှေဘိုထောင်၊ မြစ်ကြီးနားထောင်၊ ထားဝယ်ထောင်၊ သာယာဝတီထောင်နှင့် ပုသိမ်အကျဉ်းထောင်တို့တွင် အကျဉ်းသားများ ဆူပူခဲ့ကြောင်း သမ္မတရုံးထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထားဝယ် အကျဉ်းထောင်၏ တာဝန်ခံအရာရှိဖြစ် သည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လွင်ကို မေးမြန်းရာ ထားဝယ်အကျဉ်းထောင်တွင် မေလ ၉ ရက် နံနက် ၇ နာရီခွဲခန့်က အိပ်ဆောင်ဖွင့်ချိန်၌ အကျဉ်းသား ၈၀ ဦးခန့်က လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်၍ ပြောလိုသည် ဟု ပြောဆိုလာခြင်းဖြစ်ပြီး ဆူပူသည့်အဆင့် မဟုတ်ကြောင်းပြော ဆိုသည်။

“ဆူတာပူတာတော့ မလုပ်ဘူး၊ သူတို့က တင်ပြလာတယ်။ ပြောမယ့်လူ တွေကို သူတို့ပြောမယ့်ဆန်္ဒတွေကို ရေးခိုင်း တယ်၊ ရေးပြီးတော့ တင်ပြပေးလိုက်တာပဲ”ဟု ဦးချစ်လွင်က ပြောသည်။

ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား များက လွတ်ငြိမ်းချမ်းသာခွင့်ကို အကျဉ်းသားများ တန်းတူညီမျှရရှိရေး၊ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရေး၊ မီဒီယာသမားများနှင့် တွေ့ခွင့်ရရေး၊ လူ့အခွင့်အရေးကော်မရှင် နှင့် တွေ့ခွင့်ရရေး စသည့်အချက်များကို တောင်းဆိုကြောင်း အထက်ပါ အကျဉ်း ထောင်ထံမှ သိရသည်။

အကျဉ်းသားများ၏ တောင်းဆိုချက် ကို နေပြည်တော်ရှိ အကျဉ်းဦးစီးဌာန ရုံးချုပ်သို့ တင်ပြထားကြောင်း ဦးချစ်လွင် က ဆိုသည်။

ယင်းနောက် အဆိုပါနေ့ ညနေပိုင်း တွင် တိုင်းဒေသကြီး အကျဉ်းဦးစီး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ပါဝင်သည့် အဖွဲ့က ၀င်ရောက်တွေ့ဆုံရာ တွင်လည်း အထက်ပါအချက်များကိုပင် တောင်းဆိုကြကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အခြေအနေအားလုံး ပုံမှန်အတိုင်းပင်ရှိကြောင်း မေလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဦးချစ်လွင်က ဆိုသည်။

ဆူပူသည့် အကျဉ်းထောင်အသီးသီး ရှိ အကျဉ်းသားများ၏ တောင်းဆိုချက်များမှာ တစ်သဘောထားတည်းဖြစ်နေပြီး အချို့မှာ ထပ်တူထပ်မျှဖြစ်နေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

၎င်းအပြင် အကျဉ်းသားအချို့သည် လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ရက်ပေါ်တွင် live လွှင့်တင်ခဲ့သဖြင့် ယင်းအကျဉ်းထောင် ဆူပူမှုများသည် ချိတ်ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများရှိသည်ဟု သုံးသပ် ရသဖြင့်  ယင်းဆူပူမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ရွှေဘိုအကျဉ်းထောင် ဆူပူမှုဖြစ်စဉ် တွင် လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခြင်းကြောင့် လူလေးဦး သေဆုံးခဲ့သည်။

Dawei Watch