ဒုလျှပ်စစ်အင်ဂျင်နီယာချုပ်ဟောင်းအား မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် အတည်ပြု

0
634

မွန်ပြည်နယ်အစိုးရအဖွဲ့ လစ်လပ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနေရာကို လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် ဒုတိယလျှပ်စစ်အင်ဂျင်နီယာချုပ်ဟောင်း  ဦးလှထွန်းကို မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့သည့် ဦးလှထွန်းကို မေလ ၆ ရက်တွင် ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ  အတည် ပြုလိုက်ခြင်း ဖြစ်သည်။

ဦးလှထွန်းအား ပြည်နယ်လွှတ်တော်မှ သဘောတူသည့်အတွက် ၀န်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြ ရမည်ဖြစ်ပြီး သမ္မတက ၀န်ကြီးအဖြစ် ခန့်အပ်ပြီးချိန်တွင် လွှတ်တော်တွင် ကတိသစ္စာ ပြုရမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး အဖြစ် ခန့်အပ်ခံရသည့် အသက် ၆၁ နှစ် အရွယ် ဦးလှထွန်းသည် ရန်ကုန်ဇာတိ ဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်တွင်B.E (လျှပ်စစ်စွမ်းအား) ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

ကျောင်းပြီးပြီးနောက် ၁၉၉၁ ခုနှစ် မှစကာ လျှပ်စစ်ဝန်ကြီးဌာနတွင် လက်ထောက် အင်ဂျင်နီယာ တာဝန်မှ ဒုတိယ အင်ဂျင်နီယာ ချုပ်တာဝန်ကို ၂၀၁၇ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးနေရာကို ယခင် မော်လမြိုင် မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင် အောင်ဟန်က တာဝန်ယူခဲ့သည်။

၂၀၁၈ ခုနှစ် မေလ ၂၉ ရက်တွင် ဦးမင်းထင်အောင်ဟန်က ၎င်း၏သဘော ဆန္ဒအလျောက် ၀န်ကြီးရာထူးမှ နုတ်ထွက် သွားသည့်အတွက် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနေရာကို စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးဝဏ္ဏကျော်က ပူးတွဲတာဝန်ယူ ခဲ့သည်။

ယဉ်စနိုင်း