မြေကိစ္စဖြင့် တပ်က တရားစွဲခံရသူ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြမှုကြောင့် တရားထပ်စွဲခံရ

0
577

တပ်မတော်နှင့် အငြင်းပွားမှုဖြစ်နေသည့် မြေယာနှင့်ကိစ္စပတ်သက်၍ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တင်ပြခဲ့သူကို တပ်မတော်က ထပ်မံတရားစွဲဆိုခဲ့ကြောင်း ကာယကံရှင် ကိုမျိုးသူနိုင်က ပြောသည်။

ကိုမျိုးသူနိုင်ကို ယင်းမြေကိစ္စကြောင့်ပင် ယမန်နှစ်ကတည်းက ပုဒ်မနှစ်ခုဖြင့် တပ်မတော်က တရားစွဲဆိုထားသည်။

မြိတ်မြို့၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အမှတ် ၉၃၇ ထောက်ပံ့ နှင့်ပို့ဆောင်ရေးတပ်ရင်းပိုင်ဟုဆိုသည့် မြေယာကိစ္စနှင့် ပတ်သက်ပြီး တရားရင် ဆိုင်နေရသူ ကိုမျိုးသူနိုင်ကို ထောက်ပို့ တပ်က ပုဒ်မ ၅၀၀(အသရေဖျက်မှု) ဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က တရားစွဲ ဆိုခဲ့သဖြင့် တရားရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်က မြိတ်မြို့၊ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင်ပြု လုပ်သည့် တွေ့ဆုံပွဲအခမ်းအနားတွင် မြေယာလုပ်ကိုင်ခွင့် ပုံစံ ၇ ရှိ မြေယာကို ထောက်ပို့တပ်မှ နယ်နိမိတ်ချဲ့ထွင်သိမ်း ဆည်းထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မြေစာရင်းဌာနက မဖြေရှင်းပေးသည့် ကိစ္စအား တင်ပြခဲ့ကြောင်း ကာယကံရှင် ကိုမျိုးသူနိုင်က ပြောသည်။

“ကိုယ့်ရဲ့အခက်အခဲ နစ်နာဆုံးရှုံးမှုကို တကယ်ဖြေရှင်းပေးနိုင်တဲ့သူလာတဲ့ အချိန်ကျရင် အဲဒီလူကို တင်ပြခဲ့တာ” ဟု ကိုမျိုးသူနိုင်က ပြောသည်။

နိုင်ငံတော်အကြီးအကဲများ ရှေ့တွင် တင်ပြချက်များမှာ တပ်၏ ဂုဏ်သိက္ခာအား ထိခိုက်ညိုးနွမ်းစေသည့်အတွက် ထောက်ပို့တပ်ရင်းမှ ဗိုလ်ကြီး စိုးသင်းနိုင်က တရားလိုပြုလုပ်ပြီး မြိတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ရခြင်းဖြစ်ကြောင်း ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောသည်။

“တပ်ရဲ့ Image (ပုံရိပ်)ကို ထိခိုက် တဲ့အတွက်ကြောင့် တရားရုံးမှာ အမှုဖွင့် အရေးယူပေးဖို့ လျှောက်ထားခဲ့ရတာပါ” ဟု ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်  တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးကပြော သည်။

အမှတ် ၉၃၇ ထောက်ပံ့နှင့်ပို့ဆောင် ရေးတပ်ရင်း တပ်ပိုင်မြေ ၁၈၃ ဒဿမ ၇၆ ဧကကို ၂၀၀၉ ခုနှစ်ခန့်က ပြည်ထဲရေးက ခွင့်ပြုပေးထားခဲ့ကြောင်း တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပြသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် တပ်မြေနယ်နိမိတ်တိုးချဲ့ခဲ့သဖြင့် ထောက်ပို့ တပ်နှင့် ကပ်လျက်ရှိသည့် ဥယျာဉ်ခြံမြေ ၁ ဒသမ ၉၂ ဧကအနက် မြေ ၁ ဒသမ ၀၅ ပါသွားခဲ့ရကြောင်း တရားစွဲဆိုခံထားရ သူ ကိုမျိုးသူနိုင်က ပြောသည်။

ယင်းမြေပေါ်တွင် နေထိုင်လာသည် မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်ရှိနေပြီး ပိုင်ဆိုင်မှုအထောက်အထားများလည်းရှိကြောင်း ၎င်းက ဆိုသည်။

တိုင်းဦးစီး ဗိုလ်မှူးကြီးသန့်ဇင်ဦးက မူ တပ်ပိုင်မြေက ကျူးကျော်ခြင်းမဟုတ်ဘဲ ကိုမျိုးသူနိုင်ကသာ တပ်ပိုင်မြေအတွင်း ရောက်ရှိနေသည်ဟု ဆိုသည်။

အဆိုပါ မြေယာကိစ္စနှင့်ပတ်သက် ၍၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်က ရာဇသတ်ကြီး ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီး မှု)၊ ပုဒ်မ ၄၄၇ (ရာဇ၀တ်မကင်းသော ကျော်နှင်းမှု) တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း ဗိုလ်မှူးကြီး သန့်ဇင်ဦးက ဆိုသည်။

ယင်းအမှုမှာ ယခုအချိန်ထိ တရားရင်ဆိုင်နေရပြီး ရုံးချိန်း ၂၉ ချိန်းရှိနေပြီဖြစ်ကြောင်း ကိုမျိုးသူနိုင်ထံမှ သိရသည်။

အသရေဖျက်မှုဖြင့် နောက်ထပ် တရားစွဲဆိုမှုမှာ ရုံးချိန်းနှစ်ကြိမ်ရှိနေပြီဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

Dawei Watch