ကလေးများကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်မည်

0
566

ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု ရပ်တန့်ရေးအသိပညာပေး လှုပ်ရှား မှုကို ထားဝယ်မြို့တွင် မေလ ၃ ရက်မှ ၄ ရက်အထိ နှစ်ရက်တာ ပြုလုပ်မည်ဖြစ်ကြောင်း ဝေါလ်ဗွီရှင် မြန်မာနိုင်ငံတောင်ပိုင်းဇုန် ညှိနှိုင်းရေးမှူး စောဟင်စင်က ပြောသည်။

ယင်းလှုပ်ရှားမှုတွင် ကလေးများ အား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် မေးခွန်းမေးဖြေများ ပြုလုပ်ခြင်း၊ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို  ညနေ ၄ နာရီမှ ၁၀ နာရီအထိ လုပ်ဆောင် မည်ဖြစ်ကြောင်း စောဟင်စင်က ပြောသည်။

“လူတွေက ကလေးတွေ အကြမ်း ဖက်မှုဆိုရင် လိင်ကိစ္စ(သက်ငယ်မုဒိန်း) ကိုပဲ မြင်နေကြတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ပြောလိုက်ရင် အများကြီး ဥပမာ အလှူတွေမှာ ကလေးတွေကို နေရာ မပေးတာကအစ ပါတယ်။ အဲဒါကြောင့် လူထုတွေကို ဒီကမ်ပိန်းမှာ လာရောက် ပူးပေါင်းပါဝင်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းလှုပ်ရှားမှုကို ကလေးများနှင့် လူငယ်များ ကိုယ်တိုင် မိမိကိုယ်မိမိ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းမှ ကာကွယ် နိုင်ရန်နှင့် မိဘ၊ ဆရာ၊ ဆရာမတို့၏ အပြုအမူများ ပြောင်းလဲလာစေရန်၊ ရပ်ရွာ လူထုမှ ကလေးများကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်နိုင် စေရန်အတွက်ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအစီအစဉ်တွင် ဖျော်ဖြေရေး အစီအစဉ်လည်ပါဝင်ပြီး တေးသံရှင် စောဖိုးခွားလည်း လာရောက်ပူးပေါင်း ဖျော်ဖြေမည်ဖြစ်ကြောင်း ဝေါလ်ဗွီရှင် မြန်မာနိုင်ငံတောင်ပိုင်ဇုန်ထံမှ သိရသည်။

ကျော်သူစိုး