တိုင်းလက်ရွေးစင်ဘောလုံးအသင်းများ စခန်းသွင်းချိန် ယခင်ထက် အချိန်တစ်လပိုယူမည်

0
608

တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း လက်ရွေးစင် ဘောလုံးအသင်းများအား ယခင်ကထက် အချိန်တစ်လပိုယူကာ လေ့ကျင့်စေမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယခင်က တိုင်းအဆင့်ဘောလုံး အသင်းများ၏ စခန်းသွင်း လေ့ကျင့်ချိန်ကို တစ်လခန့်သာ အချိန်ယူလေ့ရှိပြီး ယခုနှစ် တွင်မှု စခန်းသွင်းလေ့ကျင့်ချိန် တစ်လထပ်တိုးကာ နှစ်လ စခန်းသွင်းလေ့ကျင့် မည်ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“မနှစ်က ဖိုင်နယ်အဆင့်ထိ တက်ထား နိုင်ထားတာဆိုတော့ အဲဒီအောင်မြင်မှုကို ထိန်းချင်လို့ လေ့ကျင့်ချိန် ထပ်တိုးထား တာ”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

 ယမန်နှစ် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်း အသက် ၂၁ နှစ်အောက် အသင်းက ပထမ၊ အသက် ၁၇ နှစ်အောက်အသင်းက ဒုတိယ၊ အသက် ၁၉ နှစ်အောက် အသင်းက တတိယ ရရှိထားသည်။

ယခုနှစ်တွင် ပထမဆုံး ဘောလုံးပြိုင်ပွဲ ၀င်မည့် အသက် ၁၇ နှစ်အသင်းအတွက် လူရွေးပွဲကို ကနဦးက သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသော်လည်း နှစ်လ စခန်း သွင်းလေ့ကျင့်နိုင်ရန်အတွက်  ဇူလိုင်လ တွင် ကျင်းပရန် ပြန်လည်ပြင်ဆင်ထားကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

စခန်းသွင်းလေ့ကျင့်စဉ်ကာလ အတွင်း ဘောလုံးအားကစားသမားများ ထားဝယ် မြို့တွင် ပညာဆက်လက်သင်ယူ နိုင်ရန် အတွက်လည်း စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

တနင်္သာရီတိုင်း အားကစားနှင့် ကာပညာ ဦးစီးဌာနမှ ကျင်းပနေသည့် အားကစားနည်းများအနက် ဘောလုံး အားကစားနည်း တစ်ခုကိုသာ စခန်းသွင်း လေ့ကျင့်ချိန်အများဆုံး သတ်မှတ်ထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး