ထားဝယ်ခရိုင် မီးလင်းရေး ပုံမှန်အတိုင်း ဆက်လည်ပတ်မည်

0
711

သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးနေသည့် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ် ငန်းကို ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေမည်ဟု ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးရဲမင်း ထက်က ပြောသည်။

လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို လျှပ်စစ်ဌာန၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီက ပုံမှန်လုပ်ကိုင်သွားမည် ဟု အင်ဂျင်နီယာမှူး ဦးရဲမင်းထက်က ပြောသည်။

“လက်ရှိ တောက်လျှောက်ကတော့ ဒီအတိုင်း သွားနေတာပဲလေ၊ GGS က ရပ်မယ်လို့ ကျွန်တော်တို့ မကြားမိဘူး။ ပုံမှန်အတိုင်းပါပဲ” ဟု ဦးရဲမင်းထက်က ပြောသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီ၏ တာဝန်ရှိသူများ အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် ထိန်းသိမ်းခံထားရချိန်တွင် ယင်းကုမ္ပဏီ က လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ် ငန်းများ ရပ်နားတော့မည်ဟု ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။

ထားဝယ်ခရိုင် မီးလင်းရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ယင်း ကော်မတီက ထားဝယ်ခရိုင်မီးလင်းရေး ကိစ္စများ ဆက်လက်လုပ်ဆောင်သွားမည် ဟု ခေတ္တ၀န်ကြီးချုပ် ဦးမြင့်မောင်က မတ်လ ၂၁ ရက်က ပြောသည်။

“ကော်မတီက လုပ်မယ့် အစီအစဉ်ရှိတယ်၊ ကော်မတီကပဲ လုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမယ်” ဟု ဦးမြင့်မောင်က ဆိုသည်။

ကော်မတီကို မတ်လ ၁၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီ၏ ဥက္ကဋ္ဌမှာ တိုင်းဒေသကြီး လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဖြစ်သည်။

ကော်မတီဖွဲ့ပြီးနောက်ရက် မတ်လ ၁၉ ရက်တွင်ပင် လျှပ်စစ်စွမ်းအင် ၀န်ကြီးက မိမိသဘောဆန္ဒအလျောက် ၀န်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

ယင်းကော်မတီဖွဲ့စည်းကြောင်း အတည်ပြုစာ တိုင်းအစိုးရအဖွဲ့ရုံးမှ ရောက်ရှိမလာသေးဟု ယင်းကော်မတီ    တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သူ ထားဝယ် ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးရဲမင်း ထက်က မတ်လ ၂၂ ရက်တွင် ပြောသည်။

Dawei Watch