ဆလုံ ဘော်ဒါဆောင်ကျောင်းသား အိပ်စင် အလှူငွေကိစ္စ ပြန်စိစစ်မည်

0
569

ကော့သောင်းမြို့နယ်၊ စူငယ်ပါလိုင် ကျေးရွာအုပ်စု  မကြုံကလက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဆလုံဘော်ဒါ ကျောင်း အဆောင်နေ ကျောင်းသားများအတွက် နှစ်ထပ်အိပ်ကုတင် ပြုလုပ်ရန် လှူဒါန်း ထားသည့် အလှူငွေတချို့ကို အောင်ဘာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ကျေးရွာ၏ အခြားကိစ်္စများတွင် ၎င်းဆန္ဒ အရ အသုံးပြုခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြန်စိစစ်မည်ဖြစ်ကြောင်း ကော့သောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။

စီးပွားရေးကုမ္ပဏီတစ်ခုက အိပ်စင်များအတွက် ၂၀၁၇ ဒီဇင်ဘာ ၂၀ရက်တွင်  ငွေကျပ် သိန်း ၅၀လှူဒါန်းခဲ့သော်လည်း  အိပ်စင်နှစ်ခုသာ ရရှိခဲ့ပြီး ကျန်ငွေများကို ကျေးရွာတခြားနေရာများတွင် ၎င်း သဘောတစ်ခု တည်းဖြင့်သာ အသုံးပြုခဲ့သည်ဟု ဆလုံဘော်ဒါဆောင် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီက ပြောသည်။

ဘော်ဒါဆောင်အတွက် ယင်းသို့ အလှူခံခဲ့သည့်ကို ကော်မတီအနေဖြင့် မသိရဘဲ အလှူခံထားကြောင်းကိုလည်း ပြောပြခြင်းမရှိခဲ့ဟု ဆလုံဘော်ဒါဆောင် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့မှ ဦးခင်မောင်ထွေးက ဆိုသည်။

ဖေ့စ်ဘွတ်ပေါ်မှာ အလှူငွေပေးခဲ့သည့် ကုမ္ပဏီက ဂုဏ်ပြုမှတ်တမ်းလွှာ တင်ထားသည်ကို တွေ့မှသာ အိပ်စင် အတွက် အလှူငွေ ရယူထားသည်ကို သိရသဖြင့် အုပ်ချူပ်ရေးမှူးဟောင်းအား မေးကြည့်ရာ ကျေးရွာအတွက် လိုအပ်နေသည့် အခြားနေရာတွင် သုံးလိုက်သည်ဟု အုပ်ချုပ်ရေးမှူးဟောင်းက ပြန်ပြောပြကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

“ကျောင်းအတွက် လှူတဲ့အလှူငွေကို ကော်မတီကို မသိမပေးဘဲ အလှူငွေ လက်ခံရယူတယ်။ ကျန်ငွေတွေကို ဘယ်လို နေရာမှာ ဘာတွေသုံးလိုက်တယ်ဆိုတာလည်း တိုင်ပင်တာ ဆွေးနွေးတာ မလုပ်ခဲ့ ဘူး”ဟု မကြုံကလက်ကျေးရွာ စာသင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောင်ဘာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဌေးနိုင်အား မေးမြန်းရာ  စီးပွား ရေး ကုမ္ပဏီတစ်ခုထံမှ အိပ်စင်တစ်လုံး ၃ သိန်ကျပ်နူန်းဖြင့်  ကျပ်သိန်း ၅၀ကို အလှူခံခဲ့ပြီး အိပ်စင် ၂ လုံး လုပ်ပြီးချိန် မလိုအပ်ဘဲ လုပ်သည်ဟု ကျေးရွာသား တစ်ချို့က ပြစ်တင်ပြောဆိုကြသော ကြောင့် ကျန်ငွေတစ်ချို့ကို တံတားပြု ပြင်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း တစ်ချို့တွင် ကိုယ့်သဘောဖြင့် အသုံးပြုခဲ့ ကြောင်း ပြောသည်။

“အလှူငွေ လာပေးတုန်းက ကော်မတီ မရှိလို့ ကျွန်တော်ဘဲ လက်ခံယူခဲ့တယ်၊ တခြားနေရာတွေမှာ အသုံးပြုလိုက်တဲ့ အကြောင်း ကော်မတီကို မရှင်းပြရသေး ပေမဲ့ အလှူရှင်ကုမ်္ပဏီကိုတော့ ပြောပြ ထားတယ်၊ ကုမ္ပဏီဘက်ကလည်း လက်ခံပါတယ်၊ ရွာကိုလည်း အဲကိစ်္စရှင်းလင်း အောင် ပြောပြသွားမှာပါ”ဟု ဦးဌေးနိုင်က ဆိုသည်။

မကြုံကလက်ဆလုံဘော်ဒါဆောင်ကို ဆလုံကလေးငယ်များ ကျောင်းအိပ် ကျောင်းစား ပညာသင်ကြားနိုင်ရန်အတွက် တင့်တင့်မြန်မာကုမ္ပဏီမှ ၂၀၁၇ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းထားခြင်း ဖြစ်သည်။

အောင်ဘာကျေးရွာ အုပ်ချုပ်ရေးမှူး အပြောင်းအလဲကို ပြီးခဲ့သည့် ၂၀၁၈ ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သည်။

Dawei Watch