ရွှေပဒုမ္မာကုမ္ပဏီထံမှ ပြန်သိမ်းသည့် မြေပေါ်တွင် ဧကငါးဆယ်ကို ဒေသခံများအား လုပ်ကိုင်ခွင့်ပြု

0
520

ရေဖြူမြို့နယ်အတွင်းရှိ ရွှေပဒုမ္မာ ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့သည့်မြေပေါ်တွင် ဒေသခံ ကိုးဦးအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၅၀ ကို လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ဒေသခံများလျှောက်ထားသည့် မြေနေရာကို တိုင်းဒေသကြီး မြေလွတ်မြေ လပ်လုပ်ငန်းအဖွဲ့မှ ခွင့်ပြုပြီး တိုင်းအစိုးရ အစည်းအဝေးက အတည်ပြုပေးကာ လုပ်ကိုင်ခွင့်လက်မှတ်များကို ဖေဖော်ဝါရီလ ၆ ရက်က ပေးအပ်ခဲ့ကြောင်း ၀န်ကြီး ဦးမြင့်စန်းက ဆိုသည်။
ရွှေပဒုမ္မာကုမ္ပဏီက ဆီအုန်းစိုက်ရန် လုပ်ကိုင်ခွင့်ရထားသည့် မြေဧက ၁၂၀၀ အနက် အမှန်တကယ်စိုက်ပြီးသည့် ၂၇ ဧက ကိုချန်လှပ်ကာ ကျန်သည့်မြေဧရိယာ ကို ၂၀၁၇ ခုနှစ်က ပြန်လည်သိမ်းယူခဲ့ကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာ ရင်း)ထံမှ သိရသည်။
ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့သည့် မြေဧရိယာပေါ်တွင် ဒေသခံများကို အထက်ပါအတိုင်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၀န်ကြီးဦးမြင့်စန်းက ဆိုသည်။
“ထပ်လျှောက်ထားတာ ရှိသေးတယ်၊ မြေစာရင်းက စိစစ်နေတယ်”ဟု ၎င်းက ပြောသည်။
တိုင်းမြေစာရင်းဌာန၏ စာရင်းများအရ အထက်ပါလုပ်ခွင်ပြုခဲ့သည့် မြေဧရိယာအပြင် မြေဧက ၂၀၀ ကျော်ကို ဒေသခံ ၃၆ ဦးက လျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါလျှောက်ထားမှုကို ကုမ္ပဏီဘက်က ကန့်ကွက်သည့်အတွက် ထားဝယ်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးဆောင်သည့် သီးခြားအဖွဲ့ဖြင့် စစ်ဆေးရန် ညွှန်ကြားမည်ဖြစ်ကြောင်း တိုင်းမြေစာရင်းရုံးထံမှ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင် ခွင့်လျှောက်ထားရာတွင် သက်ဆိုင်ရာရုံး များသို့ အကြိမ်ပေါင်းများစွာ သွားလာရသည့် အခက်အခဲများရှိကြောင်း လက်ရှိ ခွင့်ပြုပေးခဲ့သည့် ဒေသခံများထဲတွင် တစ်ဦးပါဝင်သည့် ကျေးဇူးတော်ကျေးရွာနေ စောကံဘွဲ့က ဆိုသည်။
“လုပ်ထုံးလုပ်နည်းနဲ့အညီ တိတိကျကျနဲ့ ကွင်းဆင်းလေ့လာပြီး မြန်မြန်ချ ပေးရင် ပိုကောင်းမယ်”ဟု စောကံဘွဲ့က ပြောသည်။
ရွှေပဒုမ္မာကုမ္ပဏီထံမှ ပြန်လည်သိမ်းယူထားသည့် မြေပေါ်တွင် လက်ရှိလုပ်ကိုင်ခွင့်ရသည့် တောင်သူများ အပါအ၀င် ဒေသခံ ၁၈၅ ဦးက မြေဧက ၁၀၃၅ ဒဿမ ၄ ဧကကို ယမန်နှစ်က လုပ်ကိုင်ခွင့် လျှောက်ထားခဲ့ကြောင်း ဒေသခံတောင်သူများ လျှောက်ထားရာတွင် ပါဝင်ကူညီ ပေးခဲ့သည့် တနင်္သာရီမိတ်ဆွေအဖွဲ့၏ ဒါရိုက်တာ နော်ပီသလောက ဆိုသည်။
“နိုင်ငံသားအခွင့်အရေးအရ ကြည့်မယ်ဆိုရင် အားလုံးကို လုပ်ကိုင်ခွင့်ပေးရမယ်၊ ဒါမှ ဒေသခံတွေ စားဝတ်နေရေး အဆင်ပြေမယ်”ဟု နော်ပီသလောက ပြောသည်။
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်တွင် လက်ရှိ လုပ်ကိုင်ခွင့်ပြုခဲ့သည့် နေရာမှာ ရေဖြူမြို့နယ် နှမ်းကျဲကျေးရွာအုပ်စုအတွင်း တည်ရှိသည်။

 

ကိုဇော်