မွန်တွင် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသား သုံးသောင်း ကျော်ရှိ

0
620

မွန်ပြည်နယ်တွင် ၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား သုံးသောင်းကျော်( ၃၀၅၆၄ ဦး) ရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ/သားအရေ အတွက်သည် ၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသူ/ သားအရေအတွက်ထက် ၂၉၀၇ ဦးပိုများ လာကြောင်းပြည် နယ်ပညာရေးမှူးရှိ စာရင်းအရ သိရသည်။
အထက်ပါ ၃သောင်းကျော်တွင် ပြင်ပဖြေဆိုသူများလည်း ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
“ကိုယ်အင်္ဂါ မသန်စွမ်းသူ ၈ ဦး ပါတယ်၊ အပြင်ဖြေစာရင်း အတိအကျကိုတော့ စာမေးပွဲနီးမှ ရပါမယ်”ဟု မွန်ပြည် နယ်ပညာရေးမှူးရုံးမှ ညွှန်ကြား ရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

၂၀၁၈ တုန်းက ကျောင်းသူ/ သား ၂၇၆၅၇ ဦးဖြေဆိုခဲ့သည် ။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ စာစစ်ဌာန ၆ ခု တိုးလာ သည့်အတွက် စုစုပေါင်း စာစစ်ဌာန ၆၂ ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို မတ်လ ၆ ရက်တွင် စတင်ဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲစစ်ဆေးမှုသည် မတ်လ ၁၅ ရက်ထိ ဖြစ်သည်။
မွန်ပြည်နယ်သည် မြန်မာတစ်နိုင်ငံ လုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့ရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယနေရာသို့ အောင်ချက်ကျခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစကာ ပထမနေရာ ကို ဆက်တိုက်ပြန်လည်ရရှိလာခဲ့သည့် ပြည်နယ်ဖြစ်သည်။

 

ယဉ်စနိုင်း