ထားဝယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း လာမည့်ဘဏ္ဍာနှစ် ဆောက်မည်

0
549

လောင်းလုံးမြို့နယ်၊ ထားဝယ်တက္ကသိုလ်အနီးရှိ ယခင်သတ္တုသန့်စင် စက်ရုံမြေနေရာတွင် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း(GTI) ကို လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း အစိုးနည်းပညာ အထက်တန်းကျောင်း(ထားဝယ်) ကျောင်းအုပ်ကြီး ဦးဟိန်းထက်အောင်က ပြောသည်။
ယင်းကျောင်းဆောက်လုပ်ရန် မြေနေရာကိစ္စလည်း ဆောင်ရွက်ထားပြီးဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်နိုင်ရန် ပြည်ထောင်စုအစိုးရမှလည်း ဘတ်ဂျက်လျာထားပေးပြီးဖြစ်ကြောင်း ဦးဟိန်းထက်အောင်က ပြောသည်။
အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းများတွင် မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား၊ အီလက်ထရောနစ်စသည့် ဘာသာရပ်လေးခုကို သင်ကြားပေးလေ့ရှိကြောင်း ဦးဟိန်းထက်အောင်က ပြောသည်။
“တကယ်လို့ လေးမေဂျာစလုံးဖွင့်နိုင်မယ်ဆိုရင်တော့ တစ်မေဂျာကို ကျောင်းသား၊ ကျောင်းသူဦးရေ လေးဆယ်ထက် မနည်းပေါ့နော်။ ဘယ်နှမေဂျာဖွင့်ဖြစ် မလဲတော့ မသိသေးဘူး။ နီးကပ်မှပဲ သိနိုင်မယ်”ဟု ၎င်းက ဆိုသည်။

ယင်းကျောင်းကို မည်သည့်ခုနှစ်တွင်မဆို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ များ(အသက်ကန့်သတ်ချက်မရှိဘဲ) လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာနှင့် သင်္ချာ ရမှတ်များသူများ တက်ရောက်ခွင့်ရ မည်ဖြစ်ကြောင်း ဦးဟိန်းထက်အောင်က ပြောသည်။
ယင်းအပြင် အဋ္ဌမတန်းအောင် ကျောင်းသားများ တက်ရောက်နေသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ သတ်မှတ်အရည်အချင်းပြည့်မီသူ(ကွာလီဖိုင်းဝင်သူ) များလည်း တက်ရောက်ခွင့်ရမည် ဖြစ်သည်။
အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း သုံးနှစ်တက်ရောက်အောင်မြင်ပါက ဒီပလိုမာလက်မှတ် ရရှိမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူများမှာ နည်းပညာ တက္ကသိုလ်ကိုဆက်လက်တက်ရောက် ခွင့်ရမည်ဖြစ်ကြောင်း ဦးဟိန်းထက်အောင်က ရှင်းပြသည်။
အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သို့မဟုတ် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဟိန်းထက်အောင်က ပြောသည်။
လက်ရှိထားဝယ်တွင် နည်းပညာ တက္ကသိုလ်(ထားဝယ်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ဖွင့်လှစ်ထားသည်။

 

ကျော်သူစိုး