တိုင်နေရဦးမှာလား “အယ်ဒီတာအာဘော်”

0
586

ပြီးခဲ့သည့် အပတ်က တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိစ္စ ဟိုးလေး တကျော် ပြန်ဖြစ်လာသည်။

ဖြစ်စဉ်ကို ပြန်ကြည့်လျှင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုရှိသည်ဟု ဒေသခံများကြား ကျော်ဇောနေသည်မှာ တစ်နှစ်ပင် ကျော်နေပြီ ဖြစ်သည်။

ပြည်ထောင်စုအစိုးရက ရာထူးအပြောင်းအလဲလုပ်သည့် အခါတိုင်းတွင်လည်း အရေးယူခံရမည်ဟု ထွက်ပေါ်လေ့ရှိသည့် လူစာရင်းတွင် အမြဲလိုလို ပါနေသည်။

သို့သော် သုံးနှစ်ကျော်ကြာလာသည်အထိ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်သည်။

ယခုအကြိမ်တွင်တော့ ၀န်ကြီးချုပ်နှင့် ပတ်သက်ပြီး လူထု၏ ပေါက်ကွဲမှု အရှိန်အမြင့်ဆုံးဟု ဆိုရမည် ဖြစ်သည်။

လူအများစုကြားတွင် ကြားရသည့် ကိစ္စများရော၊ လူအနည်းစုသာ တိုးတိုး တိတ်တိတ်ပြောသည့် ကိစ္စများပါ စာရင်းချကြည့်ပါက ပြည်ထောင်စု အစိုးရအဖွဲ့အနေ ဖြင့်ရော ပါတီအနေဖြင့်ပါ တိုင်သည့် အချိန်ကို စောင့်နေသည်ကို မတွေးတတ်အောင် ဖြစ်ရပါသည်။

မဲဆန္ဒရှင်များ၏ တိုင်တန်းခြင်းသည် ပါတီအတွက်ဖြစ်စေ၊ အစိုးရအဖွဲ့အတွက် ဖြစ်စေ တစ်စုံတစ်ရာသော ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်သင့်ပါသည်။

မဖြစ်မနေ လုပ်ရမည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း မဖြစ်သင့်ပါ။

အစိုးရနှင့် ပါတီတွင် လူထုကြား ကျော်ဇောသည်နှင့်ပင် စုံစမ်းအရေးယူနိုင်သည့် စနစ်မျိုး ရှိသင့်ပေသည်။ ဖြစ်နိုင်လျှင် လူထုကြားတွင် မကျော်ဇောသည့် ကိစ္စများကို စုံစမ်းသိရှိ အရေးယူဆောင်ရွက်နိုင်သည့် အနေအထား ဖြစ်သင့်ပါသည်။

ပြည်သူလူထုသည် စုံစမ်းစစ်ဆေးမှုကို ကျွမ်းကျင်သူများ မဟုတ်ပါ။

ပြည်သူလူထုကြားရှိ အစုအဖွဲ့များသည်လည်း စုံစမ်းစစ်ဆေးမှုများအတွက် ခိုင်မာစွာစုဖွဲ့ထားသည့် အစုအဖွဲ့လည်း မဟုတ်ပါ။

တိုင်းကြားမှုတစ်ခုသည် မည်မျှအထိ တန်ပြန်သက်ရောက်မှု ကြီးပြီး တိုင်ကြား သူများအနေဖြင့် မည်မျှဖိအားများသည်ကို အားလုံးသိပြီး ဖြစ်သည်။

အဆိုပါ ဘေးထွက် တန်ပြန်သက်ရောက်မှုနှင့် ဖိအားများကို လူတိုင်း မရင်ဆိုင် ရဲပါ။ အနည်းစုသော သူများကသာ ရင်ဆိုင်ရဲသည်။

သို့ကြောင့် တိုင်သာ တိုင်ပါ။ တိုင်ရင် အရေးယူဆောင်ရွက်ပါ့မယ်ဟု လွယ်လွယ် ကူကူ လက်လွတ်စပယ် ပြောနေသည်မှာ စိုးရိမ်ဖွယ် ကောင်းလှပေသည်။

မတိုင်လျှင်လည်း ကျော်ဇောက စစ်ဆေးဆောင်ရွက်သည့်စနစ်မျိုးကို တည် ဆောက်ထားသင့်သည်ဟု မြင်ပါသည်။

 

အယ်ဒီတာ (ဇန်န၀ါရီ ၂၆၊ ၂၀၁၉)