တီဇစ်ကမ်းခြေရှိ ဘန်ဂလိုလုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်ပြု

0
410

လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာ ရှိ ဖိုးလမော်ကမ်းခြေတွင် ဘန်ဂလိုလုပ် ငန်းကို ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် တနင်္သာရီ တိုင်းဒေသကြီး ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်သန်းသန်းနုက ပြောသည်။
အဆိုပါကမ်းခြေတွင် အကောင် အထည်ဖော်မည့် ဘန်ဂလိုလုပ်ငန်းကို မြေဧရိယာ ၅ ဒဿမ ၂၇ ဧကပေါ်တွင် မန်ဒိုးလစ်ကုမ္ပဏီ (Mandolis) က အကောင်အထည်ဖော်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၉၇ သန်းဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန( DICA) ထံမှ သိရသည်။

ဖိုးလမော်ကမ်းခြေတွင် ပြီးခဲ့သည့် လေးနှစ်ခန့်က အထက်ပါကုမ္ပဏီက ဘန်ဂလိုများ တည်ဆောက်ခဲ့ဖူးပြီး တိုင်း အစိုးရက ခွင့်မပြုသဖြင့် လုပ်ငန်းရပ်နား ခဲ့သည်။
အဆိုပါကမ်းခြေတွင် ခရီးသွားလုပ် ငန်း၊ ဟိုတယ်အစရှိသည့် မည်သည့်လုပ် ငန်းကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်က တီဇစ်ဒေသခံများနှင့် တွေ့ဆုံပွဲရာ၌ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုခဲ့ဖူးသည်။
ယင်းနောက် ဘန်ဂလိုလုပ်ငန်းလုပ် ကိုင်ရန်အတွက် မန်ဒိုးလစ်ကုမ္ပဏီကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ က ယခုနှစ် အောက်တိုဘာလ ၈ ရက် တွင် အတည်ပြုမိန့်ထုတ်ပေးကာ ခွင့်ပြု လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက်ရထားပြီးဖြစ်ရာ ဟိုတယ်ခရီး တွင် လုပ်ဆောင်ရမည့် လိုင်စင်ကဲ့သို့ အခြားလိုအပ်သည့် ခွင့်ပြုချက်များကို ကုမ္ပဏီဘက်ကဆက်လက်လုပ်ဆောင် ရမည်ဖြစ်ကြောင်း DICA ဌာန ဒုတိုင်း ဦးစီးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။
“သူပိုင်တဲ့ ဧရိယာအတွင်းမှာပဲ လုပ်မယ်လို့ သဘောတူထားတယ်၊ ကမ်း ခြေနေရာတွေ မပါဘူး”ဟု ဒေါ်သန်း သန်းနုက ပြောသည်။
ယင်းကဲ့သို့ ဘန်ဂလိုလုပ်ငန်း လုပ် ဆောင်ပါက ဒေသခံများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာနိုင် ကြောင်း တီဇစ်ရွာနေ ဦးအောင်မြင့်ထူးက ဆိုသည်။

ယခင်ကယင်းကုမ္ပဏီအကောင်အထည်ဖော်နေသည့် မြေကွက်အရှေ့ရှိ ပင် လယ်ကမ်းခြေအထိ အုန်းပင်များစိုက် ပျိုးပြီး ဒေသခံများ ငါးဖမ်းခွင့်ကို တားမြစ် ခဲ့သည်ဟုဆိုကာ အငြင်းပွားမှုများ ရှိခဲ့သည်။
“ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာဆိုသလို သူ့အတွက်လည်း အကျိုး အမြတ်ရှိရမယ်၊ ဒေသအတွက်လည်း အကျိုးအမြတ် ရှိရမယ်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိရင် ပိုကောင်းတာပေါ့”ဟု ဦးအောင်မြင့်ထူးက ပြောသည်။
အထက်ပါလုပ်ငန်းကို ဆွစ်ဇာလန် နိုင်ငံသားက ၈၀ ရာခိုင်နှုန်းထည့်ဝင် ထားပြီး ပြည်တွင်းလုပ်ငန်းရှင်က ၂၀ ရာခိုင်နှုန်း ထည့်ဝင်ထားကာ ဖက်စပ် လုပ်ကိုင်မည်ဖြစ်ကြောင်း DICA ရုံး ထံမှ သိရသည်။