ကမ်းခြေပေါက် မြေယာပိုင်သည့် ဒေသခံများကို ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ပေးမည်

0
702

တိုင်းအတွင်းရှိ ကမ်းခြေပေါက်မြေ ယာပိုင်ဆိုင်သည့် ဒေသခံများအနေဖြင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်လိုပါက အကူအညီပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန(DICA) တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။
ဒေသခံများအနေဖြင့် ပိုင်ဆိုင်သည့် ကမ်းခြေပေါက်မြေကို ရောင်းချရန်မလို အပ်ဘဲ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်နိုင်မည့် ရှယ်ယာ ထည့်ဝင်သည့်စနစ်ဖြင့် လုပ်ကိုင်နိုင်စေ ရန် ရည်ရွယ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ပြောသည်။
ကမ်းခြေပေါက်မြေယာပိုင်ဆိုင်သူ များအနေဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများနှင့် ချိတ်ဆက်လိုပါက DICA ရုံးထံ လာရောက်အကြောင်းကြားနိုင်ကြောင်း ၎င်းက ဆိုသည်။

ဒေသခံအများစုက ရိုးသားကြသည့် အတွက် ပိုင်ဆိုင်သည့်မြေကွက်ကို ရောင်း လိုက်ပါက ငွေကြေးစီမံခန့်ခွဲမှုအပိုင်း တွင် အားနည်းကာ ငွေကြေးအဖတ်မတင် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ယင်းကဲ့ သို့ ချိတ်ဆက်ပေးခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ပြောသည်။
“အဓိကကတော့ လုပ်ငန်းအဆင် ပြေအောင်ပဲ၊ Investment promotion (ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် စည်းရုံး လှုံ့ဆော်ခြင်း) အတွက် အောက် ခြေကို စဉ်းစားတဲ့သဘောပါပဲ”ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ် ဖက်မှ ကမ်းခြေပေါက်မြေပိုင်ရှင် သုံးဦး က အကြောင်းကြားထားပြီး စီးပွားရေး လုပ်ငန်းရှင်နှစ်ဦးက မြေငှားရမ်းကာ ဟိုတယ်လုပ်ငန်းလုပ်ရန် စုံစမ်းမေးမြန်း မှုများရှိကြောင်း ၎င်းက ပြောသည်။

ကမ်းခြေပေါက် မြေငှားရန် DICA ရုံးသို့ အကြောင်းကြားပါက မြေပိုင်ရှင် ဖက်မှ ပုံစံ ၇ ကဲ့သို့ ပိုင်ဆိုင်မှုအထောက် အထားတစ်ခု ရှိရန်လိုအပ်ကြောင်း DICA ဌာန တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။
ပုံစံ ၇ မရှိသေးပါက ပြုလုပ်နိုင်မည့် နေရာနှင့် လိုအပ်ချက်များကို လမ်းညွှန် ပေးခြင်း၊ ဌာနအချင်းချင်း ညှိနှိုင်းဆွေး နွေးခြင်းများ လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

DICA ဌာနအနေဖြင့် ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ဆိုပါက ဒေသ ခံမြေပိုင်ရှင်များအတွက် အထောက် အကူဖြစ်နိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း ရှိလာမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်အတွင်း ကမ်းခြေ ပေါက်မြေ ၁၀ ဧကခန့် ပိုင်ဆိုင်သည့် အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားတစ် ဦးက ဆိုသည်။
“အမှန်တကယ် ဆောင်ရွက်နိုင်ရင် ဝမ်းသာစရာပါ၊ ဒေသခံလုပ်ငန်းရှင်လေး တွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဒေသခံတွေ လည်း အလုပ်ကိုင်အခွင့်လမ်းတွေရလာ မယ်လို့ မျှော်လင့်တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေ ပေါက်မြေအများစုက ဒေသခံများ၏ လက်ဝယ်တွင် မရှိကြေတော့ပေ။

ထားဝယ်ဒေသရှိ ကမ်းခြေပေါက် မြေကွက်များ၏ ၆၀ ရာခိုင်နှုန်းနီးပါးကို အခြားဒေသမှ စီးပွားရေးလုပ်ငန်းရှင် ကြီးများက ဝယ်ယူထားနှင့်ပြီးဖြစ် ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း (တနင်္သာရီတိုင်း)မှ အတွင်းရေးမှူးဖြစ်သူ ဦးစိုးသိန်းက ဆိုသည်။
ကမ်းခြေပေါက်ပိုင်ဆိုင်သည့် ဒေသခံများအနေဖြင့် မည်သူ့ကို ဆက် သွယ်ရမှန်းမသိဘဲဖြစ်နေဟု ဦးစိုးသိန်း က ဆိုသည်။
“DICA အနေနဲ့ ဒီလိုချိတ်ဆက် ပေးမယ်ဆိုရင်တော့ ဝမ်းသာစရာပဲ”ဟု ၎င်းက ဆိုသည်။
ကျွန်းစုမြို့နယ်တွင်လည်း ကမ်း ခြေပေါက် မြေကွက်များကို ရန်ကုန် အခြေစိုက် ကုမ္ပဏီတစ်ခုက ဈေးကြီးပေး ဝယ်ယူထားပြီး ဒေသခံများ ပိုင်ဆိုင် သည့် ကမ်းခြေပေါက်မြေကွက်များ နည်းပါးသွားပြီဖြစ်ကြောင်း သန္တာကျွန်း ရွာ (ကုလားကျွန်းရွာ) ဒေသခံတစ်ဦးဖြစ် သူ ဦးဝင်းဇော်က ဆိုသည်။
ကုန်းမြေနှင့် တစ်ဆက်တည်းရှိ သည့် ကမ်းခြေပေါက်မြေများအပြင် ကျွန်းပေါ်တွင် ဓားမဦးချ လုပ်ကိုင်နေ သည့် ကမ်းခြေပေါက် ဥယျာဉ်ခြံပိုင်ရှင် များလည်း အကြောင်းကြားနိုင်ပြီး ပိုင် ဆိုင်မှု အထောက်အထားများကို ကာယ ကံရှင်ကိုယ်တိုင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း DICA ဌာန တိုင်းဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

ကမ်းခြေပေါက် ဥယျာဉ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဟိုတယ်လုပ်ငန်းလုပ်ဆောင်မည်ဆိုပါက အခြားနည်း အသုံးပြုခွင့် ရှိရန်လိုအပ်ပြီး အခြားနည်း အသုံးပြုခွင့်ကျပြီးပါက မြေပိုင်ရှင်နှင့် ရင်းနှီးမြှုပ်နှံသူအကြား မြေငှားစာချုပ် (အကျိုးတူ) ချုပ်ဆိုရမည်ဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ရှင်းပြသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်း ခြေပေါက်မြေကွက်အချို့တွင် အပန်းဖြေ စခန်းလုပ်ရန် ဒေသခံမြေယာ ပိုင်ဆိုင်သူ ထံမှ မြေငှားရမ်းပြီး အကျိုးတူ လုပ်ကိုင် ခဲ့သော်လည်း အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် ကြန့်ကြာနေသည့် အတွက် မြေပိုင်ရှင်နှင့် ရင်းနှီးမြှုပ်နှံသူ တို့အကြား တရားစွဲဆိုထားသည့် ဖြစ် စဉ်များလည်း ရှိသည်။

လောင်းလုံး မြို့နယ်အတွင်းရှိ ကမ်းခြေတစ်ခုတွင် ဘန်ဂလိုဆောက်ရန် မြေပိုင်ရှင်က ၃၀ ရာခိုင်နှုန်းနှင့် ရင်းနှီး မြှုပ်နှံသူက ၇၀ ရာခိုင်နှုန်း ပါဝင်သည့် အကျိုးတူလုပ်ရန် စာချုပ်ချုပ်ပြီး လုပ် ကိုင်ရန် စီစဉ်ခဲ့ဖူးကြောင်း TITAN ခရီးသွားကုမ္ပဏီပိုင်ရှင် ဦးတင်နိုင်က ဆိုသည်။
သို့သော် မြေယာအခြားနည်းအသုံး ပြုခွင့်ရရှိမှု ကြန့်ကြာနေသည့်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကာ လက်ရှိတွင် မြေပိုင်ရှင်ကို တရားစွဲဆိုထားကြောင်း ဦးတင်နိုင်က ပြောသည်။

ဒေါက်တာထွန်းထွန်းကမူ ယင်းကဲ့ သို့သော ကိစ္စရပ်မျိုး မဖြစ်စေရန် မြေပိုင် ရှင်နှင့် ရင်းနှီးမြှုပ်နှံသူတို့ စာချုပ်ဆိုရာ တွင် နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရန် စိစစ်ပေးမည်ဖြစ်ကြောင်း ပြောသည်။
“ဒီလိုမျိုး ညှိနှိုင်းပေးမယ်ဆို အဆင်ပြေတာပေါ့၊ တော်တော်လေး အဆင်ပြေမယ့် အနေအထားရှိတာပေါ့၊ ဒေသခံအချင်းချင်း စိတ်ဝမ်းမကွဲချင်ဘူး”ဟု ဦးတင်နိုင်က ပြောသည်။