အာဂဆရာနှင့် ကျွန်တော်မောင်ရှေ့နေ

0
894

လောကမှာ အတတ်ပညာ သင်ကြားပေးတဲ့ဆရာ အမျိုးမျိုးရှိကြ တယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ စသည်အားဖြင့်ပေါ့။ မောင်ရှေ့နေရဲ့ ဘ၀မှာတော့ အလွန့် အလွန်များလိမ့်မယ် ထင်ပါတယ်။ မူကြို ကျောင်းသားဘ၀ ကနေ ဥပဒေဘွဲ့ရသည်အထိ ဆိုရင် တောင် အဲဒီဆရာသုံးမျိုးက ရေတွက် လို့မကုန်။ တက္ကသိုလ် ဘွဲ့ရသည်အထိ သင်ပေးလိုက်တာက ဥပဒေပညာသာ ဖြစ်တယ်။
မောင်ရှေ့နေလို ရှေ့နေဘ၀နဲ့ အသက် မွေးဝမ်းကျောင်းပြုမယ့်သူအဖို့ ကျောင်းပြီးပြီးချင်း ရှေ့နေပညာ သင်ကြားရတယ်။ ရှေ့နေအလုပ်သင် ဆရာတွေ၊ စီနီယာရှေ့နေတွေ၊ အသက် ငယ်ရွယ်သော်လည်း ရှေ့နေပညာ ကျွမ်းကျင်သူတွေ၊ စာအုပ်စာပေတွေ၊ မြင်သမျှ၊ တွေ့သမျှ၊ ကြားသမျှ အရာ ရာတွေ ဆရာတွေချည်းပါပဲ။

ထိုမျှမကသေး တရားရုံးအသီးသီးသို့ အမှုတင်ရန် ရောက်လာတဲ့ ရဲအရာရှိတွေ၊ ဥပဒေရုံး အဆင့်ဆင့်က ဥပဒေအရာရှိ တွေ၊ တရားသူကြီးတွေ အတော်များများ ကိုပင် ဆရာတင်ပြီး မေးရမြန်းရသည် မှာ အလုပ်သင်ရှေ့နေ သက်တမ်းတစ် လျှောက်လုံးပင်။ ရှေ့နေ ဖြစ်သွားပေမယ့် လဲ မေးမြန်းတာတွေ၊ သင်ကြားတာတွေ ပြီးဆုံးသွားတာမျိုး မဟုတ်။ အမြဲမပြတ် လေ့လာ၊ စူးစမ်း၊ ဆင်ခြင်၊ နေရတယ်။ ဒါကမှ ရှေ့နေတွေရဲ့ ဘ၀အမှန်။
မောင်ရှေ့နေလည်း ပညာဆည်းပူး နေရမယ်ဆိုရင် မည်သည့်အခါကမှ မရှက်ခဲ့တာဆိုတော့ မောင်ရှေ့နေတို့မြို့ သေးသေးထဲ ရှေ့နေမာစတာတွေဆီက သာမက တာဝန်ကျသမျှ တရားသူကြီး၊ ဥပဒေအရာရှိတွေဆီက ရှေ့နေပညာ ဥပဒေပညာရပ်တွေ ရသင့်သလောက် ရခဲ့တယ်ဆိုပါတော့။

ကြုံခဲ့သမျှ ဆရာတွေထဲကနေ မှတ်မှတ်ထင်ထင်ရှိနေတဲ့ ဆရာတစ် ယောက်အကြောင်း ပြောပြပါရစေ။ သူက မောင်ရှေ့နေတို့ မြို့ကို အသစ်ပြောင်း ရွှေ့လာတဲ့ တရားသူကြီးပဲ ဖြစ်တယ်။ပြောင်းလာစဉ်က မောင်ရှေ့နေပင်လျှင် အလုပ်သင် ရှေ့နေဘ၀သာ ရှိသေးတယ်။ မောင်ရှေ့နေကလည်း ဆရာရှေ့နေ အမှု စစ်တော့မယ်ဆိုရင် ဆရာရဲ့ ခေါင်း ပေါင်းဘူးကို လက်တစ်ဖက်ကကိုင်၊ ကျန်တဲ့တစ်ဖက်မှာ ဆရာရှေ့နေရဲ့ အမှုတွဲဖိုင်နဲ့တကွ မောင်ရှေ့နေရဲ့ မှတ်စု စာအုပ်ကြီးကိုကိုင်ပြီး နောက်ကနေ ကပ်လိုက်ရတဲ့ အလေ့အထ ရှိခဲ့တယ်။
အဲဒီပြောင်းလာတဲ့ ဆရာတရားသူ ကြီး အမှုစစစ်ဆေးပြီးတုန်းကလည်း ဆရာရယ် သိချင်တာလေးမေးပါရစေ လို့ပြောပြီး ဝင်မေးပါလေရော။ မေးပါ များ စကားရဆိုသလို ဆရာတရားသူကြီး ကလည်း သိချင်တာတွေ ဖြေပေးရှာပါ တယ်။ မောင်ရှေ့နေက အလုပ်သင်ရှေ့နေ ဘ၀ပဲရှိသေးတော့ ဆရာတရားသူကြီးက ဖတ်သင့်တဲ့စာအုပ်တွေ ပြောပြ၊ သူ့မှာပို နေတဲ့ စာအုပ်လေးတွေ ပေးရင်းနဲ့ မောင်ရှေ့နေနဲ့ ခင်မင်သွားခဲ့ပါတယ်။

ဆရာတရားသူကြီးက စာလည်း အလွန်ဖတ်ပြီး အင်မတန်မှကို ရှားရှား ပါးပါး ရိုးဖြောင့်သူလည်း ဖြစ်ပါတယ်။ အိပ်ခန်းလေးထဲက စာအုပ်ပုံကြားထဲ အိပ်သလားထင်ရလောက်အောင် စာဖတ် သူဖြစ်ပါတယ်။ ရုံးပိတ်ရက်ဆို သူ့အိမ် ရှေ့ သစ်ပင်အောက်က ကွပ်ပျစ်ပေါ်မှာ ဥပဒေအကြောင်းတွေ သာမက အမှု တွေကို စဉ်းစားရမယ့်ပုံစံတွေ၊ ရှေ့နေ တွေထားရှိရမယ့် စိတ်ထားတွေ ပြောပြ တတ်ပါတယ်။
တစ်ခါတလေလည်း ဥတုဘောဇန ကျမ်းတို့၊ လောကနီတိတို့ကနေ ဆရာ မြသန်းတင့်ရဲ့ လေရူးသုန်သုန်တို့၊ ဆရာ ကြီး ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား တို့ဆီ ရောက်သွားပြန်ရော။ တစ်ခါ တစ်ခါလည်း ချာလီချာပလင် ရုပ်ရှင် အကြောင်းတို့၊ နိုင်ငံရေးအကြောင်းတို့ ဖြစ်သွားပြန်ရော။ ဆရာ တရားသူကြီး ကလည်း အလုပ်သင်ဖြစ်တဲ့ မောင်ရှေ့ နေကို အလွန်ခင်ရှာပါတယ်။ တရားရုံးမှာ မတွေ့တဲ့နေ့ဆိုလျှင် မောင်ရှေ့နေရဲ့ အလုပ်သင်မာစတာ ရှေ့နေကို မေးလေ့ ရှိတတ်ပါတယ်။

တစ်နေ့ ရုံးပိတ်ရက် နေ့ခင်းကြောင် တောင်ကြီး၊ အချိန်ကလည်း နေ့လယ် (၁၂) နာရီကျော်ကျော်ပဲရှိရော့ဦးမယ်။ မောင်ရှေ့နေကလည်း ရုံးပိတ်ရက်ဆိုတော့ ထမင်းစားပြီး တစ်ရေးအိပ်မလို့ ကြံတုန်း အိမ်မှာ “ဂွမ်း…ဂွမ်း….ဂွမ်း” နဲ့ ဖုန်းမြည် လေရော။ မောင်ရှေ့နေကောက်ကိုင်လိုက် လိုက်တော့ ဆရာတရားသူကြီးက “မောင် ရှေ့နေရေ ပိုက်ဆံငါးသောင်း အမြန် ယူပြီး ရုံးထဲကို လိုက်လာပါလို့”ပြောပြီး ဖုန်းချ သွားပါလေရော။
မောင်ရှေ့နေလည်း ရုတ်တရက်ဆို တော့ ခေါင်းနပန်းကြီးသွားပြီး ဆရာများ မတော်တဆမှုတစ်ခု ဖြစ်လို့များလား။ တစ်ခါမှလည်း ဒီလိုမဆက်ဘူးတော့ လူမှုရေးကိစ္စများ ဖြစ်နေမလား။ လကုန် ခါနီးမို့လို့ အသုံးလိုနေလား စသဖြင့် အမျိုးမျိုးစဉ်းစားပြီး ဆရာရှိတဲ့ နေရာကို ဆိုင်ကယ် ဒုန်းဒိုင်းမောင်းပြီး လိုက် သွားတော့ သစ်ပင်အောက်က ခုံတန်း လေးမှာ အေးအေးလူလူထိုင်နေတဲ့ ဆရာ တရားသူကြီးကို တွေ့ရပါတယ်။ သူ့အနားမှာလည်း ယောက်ျm; ၃၊ ၄ ယောက် ရှိနေတာတွေတော့ ရောက် ရောက်ချင်းပဲ ဆရာဘာများ ဖြစ်လို့လဲလို့ မဝံ့မရဲ မေးရပါတယ်။

အဲဒီမှာ ဆရာက မိန့်မိန့်ကြီး ပြုံး လိုက်ပြီး “ဒီလိုကွ ဒို့တရားရုံးနံဘေးက လမ်းကလေးက ပျက်စီးနေပြီကွာ။ တစ်နေ့တစ်နေ့ သွားနေတဲ့ အမှုသည် တွေ၊ တရားခံတွေ၊ ဝန်ထမ်းတွေလည်း အမြဲသွားနေတော့ ခလုတ်တိုက်တာတွေ ဘာတွေဖြစ်ရော၊ မိုးရွာရင်လည်း ရေတွေ အိုင်ထွန်းနေတော့ အခုရုံးပိတ်ရက် နေ သာတုန်း ကွန်ကရစ်နဲ့ အမြန်လုပ်မလို့ ကွ။ အဲဒါ ပန်းရန်ဆရာကို တွက်ခိုင်းတာ တစ်သိန်းခွဲလောက်ကုန်မယ်ဆိုတော့ ငါပြောလို့ရတာလည်း မင်းပဲရှိလို့ ငါးသောင်းထည့်ဖို့ ချက်ချင်းခေါ်လိုက် တာ” ဆိုပြီးပြောလိုက်မှဘဲ မောင်ရှေ့နေ တစ်ယောက် ပိုက်ဆံငါးသောင်းကို ပန်းရန်ဆရာ ဆိုသူကို လိုက်အပ်ပြီး အမြန် ပြန်လာခဲ့ရတယ်။ အလှူခံတာများ အလန့်တကြား ဖြစ်အောင် လုပ်တတ်တဲ့ ဆရာပေပဲလို့ စဉ်းစားရင်း ဆရာ့စေတနာ ကိုလည်း ချီးကျူးမိခဲ့ပါတယ်။

ဒီကြားထဲ မောင်ရှေ့နေလည်း ရှေ့ နေလိုင်စင်ရပြီး ရှေ့နေဖြစ်လာတော့ ဆရာက အင်မတန်ဝမ်းသာကြောင်း ပြော ရှာပါတယ်။ ဆရာကလည်း မောင်ရှေ့နေ ကို “မင်း”တွေ “ငါ”တွေ မဟုတ်တော့ဘဲ ဆရာလို့ ပြောင်းခေါ်ပါတယ်။ ပြီးတော့ ဥပဒေစာအုပ်လေးတွေ ဥပဒေစာစောင် တွေလည်း အမြဲ မိတ္တူကူးပေးတတ်ပါ တယ်။ ရှေ့နေလိုက်စဆိုတော့ ဆရာ တရားသူကြီးရဲ့ တရားခွင်မှာလည်း အမှုမရှိတော့ အရင်လိုပဲ အခင်အမင် မပျက်ခဲ့ပါဘူး။
နေ့လယ်နေ့တစ်နေ့ မောင်ရှေ့နေ ခန်းထဲမှာ စာအုပ်ဖတ်နေတုန်း တရားရုံး က စာရေးမက မောင်ရှေ့နေကို ဆရာခေါ် ခိုင်းတယ်ဆိုပြီး လာခေါ်ပါတယ်။ ရုံးဖွင့် ရက် ဆရာက ဒီလို မခေါ်တတ်တာမို့ အလွန်အံ့ဩပြီး ကြောက်သလိုလိုဖြစ်သွား ခဲ့ပါတယ်။ ဆရာက ပြောစရာရှိရင် မညှာ တမ်းပြောတတ်သူမို့ ငါ့ကို ဆူစရာရှိလို့ ပဲလားဆိုပြီး ဆရာတရားသူကြီးရဲ့ နားနေခန်းထဲ ဝင်သွားခဲ့ပါတယ်။ နားနေ ခန်းထဲရောက်တော့ မောင်ရှေ့နေကို “ဆရာရေ ဟိုနားမှာ ခဏရပ်နေပါဦး”ဆိုပြီး ခပ်တည်တည်နဲ့ပြောတော့၊ မောင် ရှေ့နေလည်း သူညွှန်ပြတဲ့ ပြတင်းပေါက် နားက နေရာမှာ ရပ်နေခဲ့ပါတယ်။ ဆရာ က စကားတစ်လုံးမှ ထပ်မပြောဘဲ သူ လုပ်စရာရှိတာ ဆက်လုပ်နေတော့ ငါအပြစ်တစ်ခုခုလုပ်မိလို့ ဖြစ်မယ်။ အမှုသည်တွေကများ တိုင်တာလား၊ ရှေ့နေအချင်းချင်းကပဲ ချောက်ချတာ လား။ လား ပေါင်းများစွာနဲ့ ဆရာကို ကြည့်နေမိခဲ့ပါတယ်။ ဆရာကလည်း ခပ်တည်တည် ဖြစ်နေတော့ ငါကို တစ် ခုခုပြောချင်လို့ အားယူနေတာလား လို့လည်း စဉ်းစားမိနေရော။

ဒီအချိန်မှာ မွန်းလွဲ ၁နာရီ ကျော်နေ ဖြစ်တော့ မောင်ရှေ့နေရဲ့ ကျောသာမက ခန္ဓာကိုယ်တစ်လုံးလည်း ပူစပြုလာပြီး ဆရာက တစ်ခွန်းမျှ မဟသေး။ ကိုယ် လုပ်မိတဲ့ ကိစ္စတွေ စဉ်းစား ကြည့်တော့ လည်း အပြစ်တွေ့စရာအကြောင်း မပေါ် လာ။ ဒုက္ခ၊ ဒုက္ခနဲ့ပဲ အချိန်တွေ မြန်မြန် ကုန်ပါစေတော့လို့ ဆုတောင်းနေမိပါ တယ်။
ရပ်နေတာ မိနစ် ၂၀လောက်ကြာ တော့ ဆရာတရားသူကြီးက
“သိပ်ပူလား ဆရာ၊ ဘယ်နှစ် မိနစ် လောက်ရှိမယ် ထင်သလဲ” တဲ့ မောင်ရှေ့ နေကလည်း ပြန်ဖြေတော့ ဆရာက
“သိပ်မှန်တာပေါ့ဗျာ၊ ဆရာ တောင် မိနစ် ၂၀ ကျော်ကျော် ရပ်ပြီး ဒီလိုပူရတယ် ဆိုတော့၊ ကျွန်တော်က ၂ နှစ်လုံးလုံး ဒီအခန်းထဲမှာ နေပြီး အလုပ်လုပ်ရတာ ဘယ်လောက်ထိ အပူဒဏ်ကို ခံခဲ့ရမလဲ စဉ်းစားသာ ကြည့်တော့ဗျာ။ ဆရာလိုပဲ ကျွန်တော် ခံစားရတဲ့ ဒုက္ခကုန်ဆုံးပြီ၊ တစ် ခြားမြို့ ကို ပြောင်းရမှာမို့ ဆရာကို နှုတ်ဆက် စကားပြောချင်လို့ ခေါ်လိုက် တာပါ။ ကံကောင်းပါစေ၊ See You ပါ”လို့ ပြောချလိုက်ပါလေရော။
မောင်ရှေ့နေလည်း ရယ်ရခက်၊ ငိုရ ခက်၊ ဝမ်းနည်းရမလိုလို၊ ဝမ်းသာရမလို လိုနဲ့ “အာဂဆရာ”ပါလားလို့ ရေရွှတ် ရင်း မိမိရဲ့ ရှေ့နေခန်းကို ချွေးတလုံးလုံး နဲ့ပြန်လာပါတော့တယ်။ ။