ကျွန်းမြေ ငှားရမ်းခ တစ်ဧက တစ်နှစ် ၈ သိန်းကျော် ကောက်ခံရန် သမ္မတရုံးသို့ တင်ပြထား

0
551

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ကျွန်းမြေများကို BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် ငှားရမ်းရာတွင် တစ်နှစ်စာမြေ ငှားခကို ၁ စတုရန်းမီတာလျှင် ၂၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

တစ်ဧကလျှင် ၄၀၄၆ ဒဿမ ၈၆ စတုရန်းမီတာရှိသည့်အတွက် တစ်ဧက မြေငှားခမှာ တစ်နှစ်လျှင် ကျပ်ရှစ်သိန်း ကျော် ကျသင့်မည် ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းသို့ သတ်မှတ်ကောက်ခံခွင့်ပြုရန် သမ္မတရုံး သို့ တင်ပြထားခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ဟိုတယ်ခရီးသွား လုပ်ငန်းလုပ် ကိုင်သူများက ကျွန်းမြေများကို လုပ်ငန်း လိုအပ်သလောက်သာ ရယူစေရန်နှင့် တိုင်းဒေသကြီး အခွန်ငွေ ပိုမိုတိုးပွားလာ စေရန် ရည်ရွယ်ကာ ယင်းသို့ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
“မြေကို မလိုအပ်ဘဲ အများကြီး လိုက်ယူထားတာတွေကို ထိန်းညှိလိုတဲ့ ရည်ရွယ်ချက်လည်း ပါတယ်ပေါ့။ သမ္မတ ရုံးက အဖြေမလာသေးပါဘူး”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း ကျွန်း အချို့တွင် ဟိုတယ်များ ဆောက်လုပ်ခြင်း၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်းတို့ အတွက် မြေငှားခကို အစိုးရအနေဖြင့် ယခင်က တိတိကျကျ သတ်မှတ်ထား ခြင်းမရှိဟု ဝန်ကြီးက ပြောသည်။
ယခင်က မြေငှားခ ၁ နှစ်လျှင် တစ် သိန်းခွဲခန့် ပေးသွင်းနေကြရပြီး အထက် ပါဈေးအတိုင်း အတည်ပြုလိုက်ပါက လုပ်ငန်းစရိတ် ပြန်လည်တွက်ချက်ရမည် ဖြစ်ကြောင်း မြိတ်ဆာကူရာ ခရီးသွား လုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာက ပြောသည်။
“အခွန်အခ မြင့်လာရင် ခရီးသွား တွေမှာ ယူရမယ့် နှုန်းထားတွေလည်း မြင့်လာမှာပဲလေ၊ ဥပမာ အခန်းခ ဒေါ် လာ ၁၀၀ မှန်းထားရင် ၁၂၀ ဖြစ်ချင်ဖြစ် သွားမှာပေါ့” ဟု ၎င်းဒါရိုက်တာက ပြော သည်။

တနင်္သာရီတိုင်းတွင်း ခရီးသွားလုပ် ငန်းလုပ်ကိုင်နေသည့် ကျွန်းအများစုမှာ တစ်နှစ်ပတ်လုံး အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ပွင့်လင်းရာသီ ၆ လ ခန့်သာ လုပ် ကိုင်နိုင်သည်ကိုပါ ထည့်သွင်း တွက်ချက် ရမည်ဖြစ်ကြောင်း ၎င်းကထောက် ပြသည်။