နှစ်ကျိပ်ရှစ်ဆူဘုရားများတွင် ရပ်ကွက်အမည် ထားဝယ်လိုမရေးရ

0
1546

ထားဝယ်တန်ဆောင်တိုင်ပွဲတော် တွင် ပူဇော်ခံမည့် နှစ်ကျိပ်ရှစ်ဆူဘုရား များတွင် ရပ်ကွက်၊ ကျေးရွာအမည်များကို ပြည်ထဲရေးဌာနမှ ထုတ်ပြန်ထားသော အမည်အတိုင်းသာ ရေးသားဖော်ပြရမည် ဟု ညွှန်ကြားထားကြောင်း ထားဝယ်မြို့ နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန် ကြားချက်အရ ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အားလုံးကို နိုဝင်ဘာလ ၁၅ ရက်တွင် ထပ်ဆင့်ညွှန်ကြားထားခြင်း ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ညွှန်ကြားစာတွင် “နစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် အသုံးပြုသည့် ရပ်ကွက်၊ ကျေးရွာအမည်များကို ပြည်ထဲရေးဌာနမှ ထုတ်ပြန်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုနှင့် ကျေးရွာများ ပြန်တမ်းစာအုပ်ပါ အမည်အတိုင်းသာ သုံးနှုန်းစေရန်” ဟု ပါရှိသည်။ “အစိုးရအဖွဲ့က ပြည်ထဲရေးရပ် ကွက်အမည်ပဲ ထည့်ခိုင်းတာလေ၊ ထားဝယ်လိုမျိုးလည်း (ရေးလို့) မရဘူး။ ထားဝယ်လို လိုလို မြန်မာလို လိုလို ရောနေမှာ စိုးလို့ပါ။ အခေါ်အဝေါ်တွေလွဲ မှာ စိုးလို့”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်ပူဇော်ခံရာတွင် ဘုရားရှေ့ရှိ မီးလှည်းတွင် သက်ဆိုင်ရာရပ်ကွက်အမည်များကို ထားဝယ်လိုရေးသားခြင်း ကို ရပ်ကွက်အချို့က လွန်ခဲ့သည် ဆယ် နှစ်ကျော်မှစတင် ပြုလုပ်လာကြသည်။ ယခင်က ရှေးလူကြီးသူမများလည်း ဘုရားလှည့်ရာတွင် ရွာအမည်များကို ယင်းသို့ ထားဝယ်ရေးသည်ကို မြင်ဖူးခဲ့ ကြောင်း လွန်ခဲ့သည့် ၁၁ နှစ်မှစ ဘုရား လှည့်ပွဲတွင် ထားဝယ်လိုရေးခဲ့သည့် အိုးလုပ်အရှေ့ရပ်ကွက်၏ ယခုနှစ်ဘုရား ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးအောင် က ပြောသည်။ ယခုနှစ်တွင်လည်း ရပ်ကွက်အချို့ က ဘုရားရှေ့မီးလှည်းတွင် ရပ်ကွက် မည်ကို ထားဝယ်လိုရေးသားထားကြပြီး ဖြစ်သည်။

အိုးလုပ်ပြင်ရပ်ကွက် ဘုရားတွင် လည်း ယခုနှစ်၌ ဘုရားမီးလှည်းတွင် “အိုးလောက်ပ္လန်”၊ သပိတ်တွင် “လှူဂေ့ ဇို့” စသည့်တို့ ရေးထားပြီး ထားဝယ် ဒေသခံများက ထားဝယ်လိုရေးထားသည် ကိုမြင်လျှင် ပြုံးပျော်ကြပြီး ယင်းသို့ ပျော်နေသည်ကို မြင်လို၍ ရေးခြင်းဖြစ် ကြောင်း ဦးစိုးအောင်က ပြောသည်။ “အစိုးရကို စော်ကားတာမှ မဟုတ် တာ၊ လုပ်မယ်၊ ရိုင်းစိုင်းတဲ့စကားလုံးတွေ မှ မဟုတ်တာ၊ လာတားရင်တော့ ဖြုတ် ရမှာပေါ့လေ၊ ဘာထိခိုက်လဲလို့တော့ မေးချင်တယ်”ဟု ဦးစိုးအောင်က ပြော သည်။ အချို့ဘုရားများမှာ ဘုရားလှည့်ရန် ရက်နီးကပ်နေပြီဖြစ်သည့်အတွက် ရပ် ကွက်အမည် ပြန်ပြင်ရန် မဖြစ်နိုင်တော့ ဟု ပြောကြသည်။ ထားဝယ်လိုမထည့်ရဆိုလျှင် နောက်နှစ်တွင် ဘုရားကြီးဂေါပက မှတစ်ဆင့် ကြိုပြောသင့်ပြီး အများက ထားဝယ်လိုမထည့်လျှင် ကိုယ်လည်း ထည့်မည်မဟုတ်ကြောင်း ရပ်ကွက် အမည်ကို “ဗြို့ထဲဝါ” ဟု ရေးထားပြီး ဖြစ်သည့် မြို့တွင်းရပ်ကွက် နှစ်ကျိပ်ရှစ် ဆူဘုရား ဂေါပကဥက္ကဋ္ဌ ဦးဖေသိန်းဝင်း က ပြောသည်။

“ထားဝယ်လိုနဲ့ ရေးထားတာကို ပြန်ပြင်ဖို့တော့ မရှိဘူး။ အခုဆိုရင် ရက် နီးနေပြီဖြစ်လို့ ပြန်ပြင်ဖို့က အခက်အခဲရှိ တယ်” ဟု ဦးဖေသိန်းဝင်းက ပြောသည်။ ထားဝယ်လိုရေးခြင်းကို ကန့်သတ် မှုတားမြစ်မှုအား ထားဝယ်မြို့ခံအချို့က မနှစ်မြို့ကြပေ။ ထားဝယ်စာပေနှင့် ထားဝယ်ယဉ် ကျေးမှုကို ပြန်လည်ဖော်ထုတ်နေကြချိန်၊ ထားဝယ်စာ၊ ထားဝယ်ဒေသနိယစကား ကို စာသင်ကျောင်းများတွင် သင်ကြား နိုင်ရေးအထိ ကြိုးပမ်းနေချိန်တွင် ထားဝယ် ပွဲတော်တွင် ထားဝယ်လို ရေးသား ကြခြင်းက မဖြစ်သင့်ဟု ဆိုကြသည်။ “အဲလို ကန့်သတ်လိုက်တာကို မကောင်းဘူးလို့ မြင်တယ်။ ထားဝယ် ရိုးရာဆိုတာ ရှိပြီးသား၊ ထားဝယ်လူမျိုး ဆိုတာလည်း အရင်ကတည်းက ရှိပြီး သား၊ ထားဝယ်သူ၊ ထားဝယ်သားပျောက် မှ ထားဝယ်စကားပျောက်မယ်။ မြန်မာ စာရော၊ ထားဝယ်လိုရော နှစ်ခုလုံး ရေး သင့်တယ်”ဟု ကရပ်ပြင်ရက်ကွက်နေ ဦးလှမိုးက ပြောသည်။

ထားဝယ် တန်ဆောင်တိုင်နှစ်ကျိပရှစ်ဆူ ဘုရားလှည့်ပွဲကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်(နိုဝင်ဘာလ ၂၁ ရက် နေ့ညတွင်) နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူ ဇော်ခံသည့် လမ်းတစ်လျှောက်တွင် ဘာသာရေးနှင့်မသက်ဆိုင်သော သီချင်း များမဖွင့်ရေး၊ အဂါရဝဖြစ်စေသည့် ဖျော် ဖြေမှုများ၊ ဘာသာရေးနှင့် မသက်ဆိုင် သော ဖျော်ဖြေမှုများ မရှိစေရေး ကြပ် မတ်ဆောင်ရွက်ရန် တို့ကိုလည်း ညွှန် ကြားထားသည်။ ထို့ပြင် သံချက်စက်ဖွင့်လစ်ခွင့်နှင့် ပတ်သက်၍ ရပ်ကွက်(သို့မဟုတ်)ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ၊ နည်း ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ကြို တင်ခွင့်ပြုချက်တောင်းခံရန်နှင့် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်း မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လည်း ညွှန် ကြားထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံမှ သိရသည်။

မြို့ခံအချို့၏ အသံများ
နှစ်ကျိပ်ရှစ်ဆူဘုရားရှေ့ မီးဖောင်တွင် ထားဝယ်လိုရေးထားသည့် မြို့ပေါ် ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတစ်ဦး -မြို့နယ်က ညွှန်ကြားထားတာကို ရပ်ကွက်ဂေါပကကို မိတ္တူပေးထားတယ်၊
-နှစ်တိုင်းလုပ်နေကျ ရိုးရာတစ်ခုကို သူတို့က (ဂေါပက) လုပ်မြဲတိုင်း လုပ်ချင်ကြတယ်၊ လုပ်နေကြ အစဉ်အလာတစ်ခုကို မလုပ်ဖို့ညွှန်ကြားရင်လည်း အမုန်းခံရတာပဲရှိမယ်၊ ဆက်လုပ်နေမှာပဲ။
– မြို့နယ်အုပ်ချုပ်ရေးမှူးက မလိုက်နာရင် အရေးယူဖို့အကြောင်းတော့ မပြောဘူး၊ မလုပ်ကြဖို့ ထိန်းသိမ်းပေးပါလို့ပဲ ပြောတယ်။
– ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ဘုရားတွေမှာ ပြောတဲ့ အတိုင်းမလုပ်ရင် ဘာမှလုပ်လို့ မရဘူး၊ ရပ်ကွက်က ပြည်သူတွေ ရွေးချယ်တင် မြှောက်ထားတော့ ပြောရင် ကတောက်ကဆ ဖြစ်ရုံပဲ အဖတ်တင်မယ်။

မမိုးမိုးဝါ (ထားဝယ်မြို့၊ ကရပ်ပြင် ရပ်ကွက်)
ရှေးကလူကြီးတွေ ရေးပေးလို့ လူလတ်ပိုင်းတွေက သိတယ်။ ထားဝယ်လူ မျိုး၊ ထားဝယ်စာကို ဖော်ထုတ်ပေးမှ နောက်တက်လာမဲ့ ကလေးတွေလည်း သိခွင့်ရမယ်။ ထားဝယ်စာပေကို မဖော်ထုတ်ရင် တဖြည်းဖြည်းနဲ့ ထားဝယ်စာ ပျောက်ကွယ်လာမယ်။ နောက်တက်လာမယ့် ကလေးတွေ မသိတော့ဘူး။ ကရင် မှာလည်း ကရင်စာရှိသလို ထားဝယ်မှာလည်း ထားဝယ်စာရှိတယ်။ ထားဝယ်မှာ ထားဝယ်စာမရေးရဘူးဆိုပြီး ကန့်သတ်လိုက်တာ မကောင်းဘူး။ ခုလို ထားဝယ် စာရေးနေတာကို ပိုသဘောကျတယ်။