တနင်္သာရီဂျာနယ်အမှု တရားခံ စစစ်

0
911

တနင်္သာရီဂျာနယ်တွင် မဲဆွယ်အ ပြုံးသရော်စာဖော်ပြခဲ့သည့်အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆို ထားသည့်အမှုနှင့် ပတ်သက်ပြီး တရားခံ ဖြစ်သည့် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို နိုဝင်ဘာလ ၉ ရက်က စတင် စစ်ဆေးခဲ့သည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး ၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့်ရေးသား သည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်ဟုဆိုကာ အရေးယူပေးရန် အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးက ထားဝယ်မြို့နယ် တရားရုံး တွင် တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။ အဆိုပါ ရုံးချိန်းတွင် Eleven နေ့စဉ် သတင်းစာတစ်စောင် အပါအဝင် သက်သေ ခံနှစ်ခု တင်သွင်းခဲ့သည်။ သက်သေတင်သွင်းခဲ့သည့် Eleven
နေ့စဉ်သတင်းစာတွင် Eleven ဂျာနယ် ကို ရန်ကုန်တိုင်းအစိုးရက တရားစွဲဆို ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန် တိုင်းအစိုးရကို ညွှန်ကြားခဲ့သည့်စာကို ဖော်ပြထားသည်။

ယင်းစာတွင် သတင်းမီဒီယာဥပဒေ ပုဒ်မ- ၂၁ မအရ နစ်နာသည့်အဖွဲ့အစည်းဌာန သို့မဟုတ် ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ သို့ တိုင်ကြားရန်၊ သတင်းမီဒီယာဥပဒေ ပုဒ်မ- ၂၂ အရ မြန်မာသတင်းမီဒီယာ ကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးရန်နှင့် ညှိနှိုင်းမှု မပြေလည် က တရားရုံးတွင် ဥပဒေနှင့်အညီတရားစွဲ ရန်ဟု ဖော်ပြပါရှိသည်။

လက်ရှိပြဋ္ဌာန်းထားသည့် သတင်း မီဒီယာဥပဒေအရ ညှိနှိုင်းဆောင်ရွက် နိုင်သည့် လမ်းကြောင်းကိုမရွေးဘဲ တရားစွဲဆိုသည့် လမ်းကို ရွေးချယ်ခဲ့ခြင်း သည် အစိုးရအနေဖြင့် အထိမခံချင်သည့် သဘောဖြစ်နေပြီး ယင်းသည် တိုင်းပြညအတွက်ရော အစိုးရအတွက်ပါ နစ်နာမှု ဖြစ်ရသည်ဟု တနင်္သာရီ ဂျာနယ်ဘက်က လိုက်ပါဆောင်ရွက်နေသည့် တရား လွှတ်တော်ရှေ့နေ ဦးအောင်သိန်းက မှတ်ချက်ပြုသည်။ လာမည့်ရုံးချိန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ ပြန်လည်ချိန်းဆိုထားပြီး စာဖတ်ပရိတ်သတ်နှစ်ဦးကို တရားခံပြ သက်သေအနေဖြင့် စစ်ဆေးမည်ဖြစ်သည်။

တိုင်းအစိုးရအနေဖြင့် မီဒီယာ ကောင်စီထံ ဦးစွာတိုင်ကြားခဲ့ခြင်းမရှိဘဲ တိုက်ရိုက်တရားစွဲဆိုခဲ့ခြင်းမှာ သက် ဆိုင်ရာ အစိုးရ၏ နိုင်ငံရေးရေချိန်၊ ဆင် ခြင်တုံတရားနှင့် လက်ရှိဥပဒေများအပေါ် မည်မျှအထိ လေးစားမှုရှိသည်ဆိုသည့် အပေါ် မူတည်ကြောင်း တနင်္သာရီဂျာနယ် ၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။ “နိုင်ငံတော်ကနေ တရားဝင်ဖွဲ့စည်း ထားတဲ့ (မီဒီယာကောင်စီအပါအဝင်) အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍအပေါ် မှာ ဘယ်လောက်အထိ အလေးထားသလဲ ဆိုတဲ့အပေါ် မူတည်သွားတာပေါ့နော်”ဟု ဦးမျိုးအောင်က ပြောသည်။ တနင်္သာရီဂျာနယ်ကို တရားစွဲဆို ထားသည့်အမှုသည် တစ်နှစ်နီးပါးကြာ မြင့်နေပြီဖြစ်သည်။