စာကြည့်တိုက်မရှိသည့်ကျောင်း စာအုပ်ဗီရိုထားရမည်

0
488

တနင်္သာရီတိုင်းအတွင်း စာကြည့် တိုက်မရှိသည့် ကျောင်းများတွင် စာ ကြည့်တိုက်အသွင် စာအုပ်ဗီရိုများထား ရန် အခြေခံပညာဦးစီးဌာနက စက်တင် ဘာလ ပထမအပတ်က ညွှန်ကြားထား ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံး ထံမှ သိရသည်။
အခြေခံပညာကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှု မြင့်တက်လာ စေရန်အတွက် စာကြည့်တိုက်မရှိသည့် ကျောင်းများ၏ ကျောင်းထောင့်များတွင် စာကြည့်တိုက်အသွင် ဗီရိုဖြင့်ကျောင်း သားများ ဗဟုသုတရစေမည့် စာအုပ်များ ထားရှိပေးရမည် ဖြစ်ကြောင်း တိုင်းပညာ ရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။
“ကျောင်းသားတွေ အားတဲ့အချိန် အချိန်မရွေးဖတ်လို့ရအောင် စီစဉ်ပေး ထားရမယ်ဆိုတဲ့သဘော”ဟု ဒေါ်မြင့်စိန် က ဆိုသည်။

ယင်းအပြင် ကျောင်းစာကြည့်တိုက် များ သော့ခတ်မထားရန်၊ စာကြည့်တိုက် အတွင်း သုတ၊ ရသ စာအုပ်များ ထားရှိ ရန်၊ ကျောင်းသားများ စာကြည့်တိုက် ကိုသွားပြီး စာဖတ်သည့် အလေ့အကျင့် စနစ်တစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီး ရန်စသည့် အချက်များကို ညွှန်ကြားထား ကြောင်း ၎င်းက ပြောသည်။
အခြေခံပညာဦးစီးဌာန၏ ညွှန် ကြားချက်များကို ခရိုင်ပညာရေးမှူးရုံး များထံသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းကဲ့သို့ စာကြည့်တိုက်များထား သည်ထက် ကျောင်းစာသင်ချိန်အတွင်း ကျောင်းသားများ စာကြည့်တိုက်အသုံးပြု ချိန်ကို ထည့်သွင်းသည့် စနစ်ကို အကောင်အထည်ဖော်သင့်ကြောင်း လောင်းလုံးမြို့နယ်စစ်ပြဲကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဦးအောင်ကိုကိုက ပြောသည်။

“စာအုပ်စင် ထားထားပြီး သေသေ ချာချာ မကြည့်နိုင်ဘူးဆိုရင် နောက်ဆို စာအုပ်တွေ ပျက်စီးသွားနိုင်တယ်”ဟု ဦးအောင်ကိုကိုက ဆိုသည်။
တိုင်းအတွင်းအခြေခံပညာ ကျောင်း ပေါင်းတစ်ထောင်ကျော်ရှိသည့် အနက် စာကြည့်တိုက် လုံးဝမရှိသည့် ကျောင်း ၂၇၀ ကျောင်းနှင့် စာပေရေချမ်းစင်ကဲ့သို့ ဖွင့်လှစ်ထားသည့်ကျောင်း ၉၂၈ ကျောင်း ရှိသည်။

သီးသန့်စာကြည့်တိုက်ရှိသည့် ကျောင်းမှာ ၁၃၅ ကျောင်းရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းများအရ သိရသည်။