ဘီးခွန်ကို ယာဉ်သက်တမ်းအတိုင်း ကောက်တော့မည်

0
658

စက်တပ်ယာဉ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘီးခွန် ကောက်ခံရာတွင် ကညနကထုတ်ပေး သည့် ယာဉ်လိုင်စင်သက်တမ်းအတိုင်း ကောက်ခံတော့မည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိက ပြောသည်။
လိုင်စင်သက်တမ်း ၂ နှစ်ရှိသည့် ယာဉ်များက ၂ နှစ်စာ ဘီးခွန်ဆောင်ရ မည်ဖြစ်ပြီး လိုင်စင်သက်တမ်း ၁ နှစ်ရှိ သည့်ယာဉ်များက ၁ နှစ်စာဘီးခွန်ဆောင် ရတော့မည် ဖြစ်သည်။

ယခင်က စည်ပင်သာယာရေးအဖွဲ့ ရုံးတွင်ကောက်ခံနေရာ ဘီးခွန်ဆောင်သူ နည်းပါးခြင်း၊ ဘတ်ဂျက်ငွေလျာထား ချက် ပြည့်မီစေရန် လမ်းမပေါ်ကားဖြင့် လှည့်လည် ကောက်ခံရာတွင်ယာဉ် အန္တရာယ်များခြင်းအစရှိသည် အကြောင်း များကြောင့် ယာဉ်သက်တမ်းတိုးချိန် ကညနရုံးတွင် ကောက်ခံမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိကဆိုသည်။

ယခင်က ဘီးခွန်ကောက်ခံရာတွင် တစ်နှစ်စာအတွက်သာ ကောက်ခံနေရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အစဖြစ် သည့် အောက်တိုဘာလမှ စတင်ကာ ယာဉ်လိုင်းသက်တမ်းအတိုင်း ကောက်ခံ ရန် စီစဉ်လာခြင်း ဖြစ်သည်။
“နှစ်စဉ်လျာထားငွေ မပြည့်လို့ လမ်းမပေါ်ထွက်ကောက်တော့ အန္တရာယ် ဖြစ်မှာစိုးလို့ ကညနမှာ ယာဉ်သက်တမ်း အလိုက် တစ်ခါတည်းကောက်လိုက်တာ” ဟု အမှုဆောင်အရာရှိက ပြောသည်။

ယင်းအစီအစဉ်သည် ထားဝယ်မြို့ နယ်မှ ယာဉ်ပိုင်များအတွက်သာ အကျုံး ဝင်ပြီး လောင်းလုံး၊ ရေဖြူနှင့် သရက် ချောင်းမြို့နယ်များမှ ယာဉ်ပိုင်ရှင်များက မူ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးတွင်သာ ပေးဆောင်ရမည် ဖြစ်သည်။
လမ်းမပေါ်တွင် ဘီးခွန်ကောက်ခံပါ က အမြင်မတင့်တယ်သည့်အတွက် သက်တမ်းတိုးဆောင်ရွက်ရာတွင် ယင်းကဲ့သို့ ကောက်ခံခြင်းက ပိုကောင်း ကြောင်း ဆိုင်ကယ်ပိုင်ရှင်တစ်ဦးဖြစ် သည့် ဦးသန်းဇော်လေးက ဆိုသည်။
“လိုင်စင် သက်တမ်းအတိုင်း ကောက် တာကတော့ ကညနရုံးမှာပဲ ဖြစ်သင့်ပါတယ်၊ ငွေပမာဏကတော့များ တယ်လို့ ထင် တယ်”ဟု ဦးသန်းဇော်လေးက ပြောသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကညနရုံးများတွင်လည်း ယာဉ်လိုင်စင် သက်တမ်းအတိုင်း စည်ပင်ဘီးခွန် ကောက်ခံမည် ဖြစ်သည်။
ဆိုင်ကယ်လိုင်စင် သက်တမ်းမှာ ၂ နှစ်ရှိပြီး သုံးဘီး၊ ထော်လာဂျီနှင့် နံပါတ်အနီရှိသည့် ခရီးသည်တင်ယာဉ်၊ ကုန်ပစ္စည်းတင် ယာဉ်များ၏ လိုင်စင် သက်တမ်းမှာ ၁ နှစ်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ကညနရုံးထံမှသိရသည်။
အိမ်စီးကားများကို လိုင်စင်သက် တမ်း ၂ နှစ် ခွင့်ပြုထားသော် လည်း LIGHT TRUCK ကားကဲ့သို့သော ကားများကိုမူ လိုင်စင်သက်တမ်း ၁ နှစ်သာ ခွင့်ပြုထားကြောင်း အထက်ပါရုံး ထံမှ သိရသည်။

စည်ပင်ကကောက်ခံသည့် တစ်နှစ် စာ ဘီးခွန်နှုန်းထားများမှာ ဆိုင်ကယ် အတွက် ကျပ်၃၀၀၀၊ ထော်လာဂျီ၊ သုံးဘီးအတွက်ကျပ် ၇၀၀၀၊ တစ်တန် အထိ ကားများကိုကျပ်၅၀၀၀၊ တစ်တန်ခွဲ မှ သုံးတန်အထိ ကားများကိ ကျပ် ၈၀၀၀ အစသဖြင့် အသီးသီး သတ်မှတ်ထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ဘီးခွန် ငွေကျပ်သိန်း ၂၅၀ လျာထား ကောက်ခံခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။