တနင်္သာရီတိုင်းသို့ မဟာဓာတ်အားလိုင်း ၂၀၁၉ တွင် စသွယ်မည်၊ ၂၀၂၄ တွင် ကော့သောင်းအထိရောက်ရန် လျာထား

0
517

တနင်္သာရီတိုင်း အပါအဝင် ပြည်နယ်နှင့်တိုင်း ၇ ခုတွင် လျှပ်စစ်လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူမည့်အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်ပြီ ဖြစ်သည်။
စီမံကိန်းအားလုံးအတွက် အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်းအားချေးရန် စက်တင်ဘာ ၁၉ ရက်တွင်
ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။

ချေးငွေဖြင့် လုပ်ဆောင်မည့် စီမံကိန်းများအနက် မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းသွယ်တန်းခြင်း၊ ၂၃၀ ကေဗွီ ဓာတ်
အားခွဲရုံတစ်ခုအား ထားဝယ်တွင် တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်သည်။
ပြည်နယ်နှင့်တိုင်း ၇ခုမှ စီမံကိန်းအားလုံးအတွက် စီမံကိန်း ကာလကို၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၅ ခုနှစ်ဇွန်လအထိ သတ်မှတ်ထား သော်လည်းမော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းကို ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန်လျာထားသည်ဟု ပြည်ထောင်စုဝန်ကြီးကလွှတ်တော်တွင် ပြောကြားခဲ့ကြောင်းကျွန်းစုမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောသည်။

ထားဝယ်အထိ မဟာဓာတ်အားလိုင်း သွယ်တန်းပြီးပါက ထားဝယ်-မြိတ်ကို ၂၀၂၁-၂၀၂၂ ခုနှစ်၊ မြိတ်ဘုတ်ပြင်းကို ၂၀၂၂-၂၀၂၃ ခုနှစ်၊ဘုတ်ပြင်း-ကော့သောင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်တို့တွင် သွယ်တန်း သွားရန်လျာထားကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်ဟု ဦးဥက္ကာမင်းကဆိုသည်။
“လုပ်ငန်းဆိုတာကတော့ ဘယ်လိုလာမလဲ မပြောနိုင်သေးဘူးပေါ့လေ၊ဒါပေမယ့် ဒီအတိုင်းအတာ(အထက်ပါလျာထားချက်များအတိုင်း)ဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အတတ်နိုင်ဆုံးတွန်းအားပေးရမယ်လေ၊ ကျွန်တော်တို့ဒေသအတွက်တော့ လျှပ်စစ်မီးတစ်ရက်စောရောက် တစ်ရက်ဖို့ပဲလေ”ဟု ဦးဥက္ကာမင်းက ပြောသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့သို့ လိုင်းသွယ်တန်းမှုအတွက် ပြည်ထောင်စုဘတ်ဂျက်ကို အသုံးပြုသွားမည်ဟု သိရှိထားကြောင်း ၎င်းက
ပြောသည်။

တနင်္သာရီတိုင်းသို့ မဟာဓာတ်အားလိုင်း ရောက်ရှိလာခဲ့ပါက ဓာတ်အားခကိုပြည်မနှင့်တန်းတူ သက်သာသောနှုန်း
ထားဖြင့် ရရှိနိုင်မည်ဖြစ်ရာ မဟာဓာတ်အားလိုင်းရောက်သည်နှင့် တစ်ပြိုင်နက်အဆင်သင့် အသုံးပြုနိုင်ရန် တိုင်းအတွင်းလျှပ်စစ်ကွန်ရက်ကို အတတ်နိုင်ဆုံးဖြန့်ကျက် သွယ်တန်းထားသင့်ကြောင်းတိုင်းအတွင်း လျှပ်စစ်ကိစ္စ ဆောင်းပါးများရေးသားနေသော ဒေါက်တာဝင်းထိန်က ပြောသည်။

“မဟာဓာတ်အားလိုင်း လာပြီဆိုတာနဲ့ ကိုယ့်ဘက်ကလည်း လိုင်းပြီးနေ
ရမယ်၊ ရရာဘတ်ဂျက်နဲ့ တစ်ပြိုင်တည်းလုပ်ထားမှာပေါ့၊ သတ်မှတ်ချိန် ထားဝယ်အထိ ပြီးရင် ဒီဘက်(မြိတ်၊ကော့သောင်း)တွေပါ တစ်ပြိုင်တည်း ရသွားမှာပေါ့”ဟု ဒေါက်တာဝင်းထိန်ကဆိုသည်။တနင်္သာရီတိုင်းဝန်ကြီးချုပ်ကမူမြိတ်မြို့သို့ မဟာဓာတ်အားလိုင်း နှစ်နှစ်ဝန်းကျင်အတွင်း ရောက်ရှိမည်ဟု ယခုနှစ် ဇွန်လက ပြောဆိုထားသည်။