ပူသောရက်များ ပိုရှည်ကြာလာမည်

0
706

ရာသီဥတုပြောင်းလဲခြင်းကြောင့် ကမ္ဘာအနှံ့အပြား မည်သည့်နေရာမျှ မလွတ်အောင်”လှည်းနေလှေအောင်း မြင်းဇောင်းမကျန်”ဆိုသလို သက်ရောက် ထိခိုက်မှု ရှိနေသည်။
ပြောင်းလဲလာသောရာသီဥတု၏ အကျိုးဆက်များအနက်တစ်ခုမှာ လေထု အပူချိန်တက်လာခြင်း ဖြစ်သည်။ ၁၈၈၀ ခုနှစ် နောက်ပိုင်း အပူဆုံး ၁၈ နှစ်အနက် ၁၇ နှစ်သည် ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပေါ်သည်။ လက်ရှိ ကမ္ဘာ့အပူချိန် သည် ၁၉ ရာစုနှစ်နှောင်းပိုင်း အပူချိန် နှင့် နှိုင်းယှဉ်လျှင် ၁ ဒီဂရီ စင်တီဂရိတ် (၁ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) ပိုတက်ခဲ့ သည်။

၂၀၁၈ ခုနှစ်အတွင်း၌လည်း အစွန်း ရောက် ရာသီဥတုဖြစ်ရပ်များ ပေါ်ပေါက် လျက်ရှိရာ အချို့မှာ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့လယ်တွင် စံချိန် တင် ၄၂ ဒီဂရီစင်တီဂရိတ်ထိ တက်ခဲ့ခြင်း၊ အလွန်တရာ အေးလှပါသည်ဆိုသည့် နော်ဝေနိုင်ငံ၏ မေလအပူချိန်သည် နှစ် ၁၀၀အတွင်း စံချိန်တင်တက်ခဲ့ခြင်း စသည်တို့ ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အပူချိန် တက်ခဲ့ကြောင်း ပြည်တွင်းမိုးလေ၀သ စခန်း ၁၉ ခုမှ ရရှိသော အချက်အလက် များအရ သိရသည်။ ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း ထားဝယ်အပါအဝင် ကမ်းရိုးတန်းဒေသများ၌ ဆယ်စုနှစ် တစ်ခုလျှင် အပူချိန် ၀ ဒသမ ၁၄ ဒီဂရီ စင်တီဂရိတ်တက်ခဲ့ပြီး ကုန်းတွင်းပိုင်း ဒေသများတွင်မူ ၀ ဒသမ ၃၅ ဒီဂရီ စင်တီဂရိတ် တက်ခဲ့သည်။ ပျမ်းမျှ အားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း၆၀ အတွင်း ဆယ်စုနှစ်တစ်ခု လျှင် ၀ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်နှုန်းဖြင့် မြင့်တက် ခဲ့သည်။

ဒေသအသီးသီး အတိတ်တွင်ဖြစ် ပေါ်ခဲ့၊ အနာဂတ်တွင်ဖြစ်ပေါ်မည့် ပူပြင်း သောနေ့ရက်များကို လေ့လာချက်တစ်ရပ် အရ ထားဝယ်ဒေသ၌ လေထုအပူ ချိန် ၃၂ ဒီဂရီစင်တီဂရိတ်(၉၀ ဒီဂရီဖာရင် ဟိုက်)နှင့် အထက်ရှိသောရက်များ ၁၉၆၀ ခုနှစ်က ၁၅၈ ရက်ရှိခဲ့ကြောင်း သိရသည်။ ယင်းနှစ်နောက်ပိုင်းမှ ၁၉၈၀ ခုနှစ်ခန့်အထိ အပူချိန် ၃၂ ဒီဂရီစင်တီ ဂရိတ်နှင့်အထက် ရှိသောရက်များ လျော့ နည်းသွားခဲ့သော်လည်း ၁၉၈၁ ခုနှစ် ခန့်မှစ၍ အဆိုပါရက်မျိုး ပို၍များလာခဲ့ သည်။ ယင်းတွေ့ရှိချက်များသည် ထားဝယ်ဒေသ၏ ၆၂၅ စတုရန်းကီလို မီတာ(၂၄၀ စတုရန်းမိုင်) ကျယ်သော ဧရိယာအတွင်းရှိ ၁၉၆၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်ကြား အပူချိန်များကို မှတ်တမ်းပြု လေ့လာရာမှ ထွက်ပေါ်လာခြင်းဖြစ်ရာ မိုးလေ၀သစခန်းတစ်ခုချင်း၏ တိုင်းတာ ရရှိချက်များနှင့် ကွဲပြားကောင်း ကွဲပြား နိုင်သည်ဟု ဆိုထားသည်။

ဆက်လက်၍ ၂၀၀၁ ခုနှစ်မှ လက်ရှိ အချိန်အထိရှိသောအချက်အလက်များမှ သိရသည်မှာ တောက်လျှောက်များပြား လာခဲ့သည့် ထားဝယ်၏ ၃၂ ဒီဂရီ စင်တီ ဂရိတ် သို့မဟုတ် ယင်းထက်ပိုပူသောရက် များသည် ၂၀၁၇ ခုနှစ်တွင် ၁၉၉ ရက်မျှ ဖြစ်လာသည်။
အနာဂတ်ရာသီဥတုကို ကွန်ပြူတာ မော်ဒယ်များဖြင့် တွက်ချက်ခန့်မှန်းရာ ယခုရာစုနှစ်အကုန်တွင် ထားဝယ်၌ ၃၂ ဒီဂရီစင်တီဂရိတ်နှင့် ယင်းထက်ပို၍ပူ သောရက်များ တစ်နှစ်လျှင် အနည်းဆုံး ၂၁၆ ရက်မှ အများဆုံး ၃၀၂ ရက်အထိ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

ကိန်းဂဏန်းအနိမ့်ဖြစ်သည့် ၂၁၆ ရက်သည် ကမ္ဘာကို ပူနွေးစေသည့် မှန် လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ကောင်း စွာ ထိန်းချုပ်နိုင်လျှင် ဖြစ်နိုင်သည့် အ ခြေအနေကို ဖော်ပြသည်။ ကိန်းဂဏန်း အမြင့်ဖြစ်သည့် ၃၀၂ ရက်သည် ဓာတ် ငွေ့ထုတ်လွှတ်မှုကို မထိန်းချုပ်လျှင် ပေါ် ပေါက်နိုင်သည့် ဆိုးရွားပြင်းထန်သည့် အခြေအနေကို ရည်ညွှန်းသည်။ ဆိုလို သည်မှာ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ် မှုကို ကောင်းစွာ ထိန်းချုပ်နိုင်လျှင်သော် မှ ထားဝယ်တွင် ပူပြင်းသည့် ရက်များကို လက်ရှိထက် ပိုမို ကြုံတွေ့ရတော့မည်၊ ဓာတ်ငွေ့ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင် လျှင် ပူပြင်းသည့် ရက်များ သိသာစွာ ပိုလာမည်။

မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ထိန်းချုပ်နိုင်ခြင်းသည် ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သော ရာသီဥတုဆိုင်ရာ ပါရီသဘော တူညီချက်ကို မည်သည့်နိုင်ငံက မည်မျှ လိုက်နာမည်နည်းဆိုသောအချက်ပေါ်တွင်မူတည်သည်။ ယင်း သဘောတူညီ ချက်အရ ကမ္ဘာ့အပူချိန်ကို စက်မှုတော် လှန်ရေးမတိုင်မီခေတ်က အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ် ပိုမတက်အောင် လုပ်ဆောင်ကြမည်၊ ထိုမျှမက ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် မပိုအောင်လည်း အားထုတ်ကြိုးပမ်းကြမည်ဟု သဘော တူခဲ့ကြသည်။ လက်မှတ်ရေးထိုးသော နိုင်ငံများသည် မိမိတို့၏ဓာတ်ငွေ့ ထုတ် လွှတ်မှုများကို သင့်တော်သလို ထိန်း ချုပ်ပြီး တစ်ချိန်ထက်တစ်ချိန် ဓာတ်ငွေ့ လျှော့ထုတ်ရန် ဖြစ်သည်။ ဥပဒေ ကြောင်းအရ မလိုက်နာမနေရ မဟုတ် ချေ။ နိုင်ငံများက မိမိတို့အသိစိတ်နှင့်လုပ်ဆောင်ရန်သာဖြစ်သည်။ ပါရီသ ဘောတူညီချက်ကို ၁၇၅ ဖွဲ့(ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့နှင့် အခြား ၁၇၄ နိုင်ငံ)တို့က လက်မှတ်ရေးထိုးခဲ့သော်လည်း နိုင်ငံအတော်များများသည် သဘောတူခဲ့ သည့်အတိုင်း လုပ်ဆောင်ရန်ယနေ့အထိ လုံလောက်စွာ အားမထုတ်ကြသေးဟု ပညာရှင်များက အကဲဖြတ်သည်။ ဓာတ် ငွေ့ထိန်းချုပ်ရေးသည် မရေရာသေးသည့် အခြေအနေတွင် ရှိနေသေးသည်။

ထို့ကြောင့် ယခု ထားဝယ်၌ ၃၂ ဒီ ဂရီ စင်တီဂရိတ်နှင့် ယင်းထက်ပို၍ ပူ သောရက်များ တစ်နှစ်လျှင် ရက် ၂၀၀ နီးနီးရှိနေရာမှ မကြာမီ ရက် ၂၀၀ ကျော် ရန်အလားအလာ မြင့်မားနေသည်။
ပူပြင်းသော နေ့ရက်များ ပိုလာလျှင် ရောဂါ ဖြစ်ပွားမှုပိုလာကာ အသေအ ပျောက်များလာမည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါ သည်များ ပို၍ အထိနာမည်။
အပူဒဏ်သည် ခြောက်သွေ့ဒေသ များတွင်ထက် ထားဝယ်ကဲ့သို့ စိုစွတ် သောဒေသများတွင် သက်ရောက်မှု ပို၍ အားကောင်းသည်။ ခြောက်သွေ့လေထု တွင် ရေငွေ့နည်းသဖြင့် လူ့ကိုယ်ခန္ဓာမှ ချွေးထွက်လွယ်သည်။ စိုစွတ်သည့်နေရာ များတွင် လေထုတွင်း ရေငွေ့များသဖြင့် ခြောက်သွေ့နေရာတွင်ကဲ့သို့ လူ့ကိုယ် ခန္ဓာမှ ချွေးထွက်ရန်မလွယ်။ ချွေးထွက် ခြင်းသည် ကိုယ်ခန္ဓာကို သဘာဝအ လျောက်အေးမြစေသည်။ ထို့ကြောင့် စို စွတ်သည့် ဒေသများတွင် အပူချိန်တက် သောအခါ ချွေးထွက်နည်း၊ ကိုယ်ခန္ဓာ ခံနိုင်ရည်ပိုနည်းပြီး ရောဂါဒဏ်ကို ပိုခံရ ကာ အသေအပျောက် ပိုများသည်။
ရှည်ကြာလာသော အပူနေ့ရက်များ ကြောင့် လယ်ယာ၊ ဆောက်လုပ်ရေးစသည့် အဆောက်အအုံ ပြင်ပလုပ်ငန်းခွင်ရှိ လုပ် သားများ၏ ကျန်းမာရေးကို သက်ရောက် ကာ ကုန်ထုတ်စွမ်းအားကျဆင်းမည်။ အဆောက်အအုံတွင်း၌ လုပ်ကိုင်ရသည့် လုပ်သားများသည်ပင် ယင်းတို့၏လုပ် ငန်းခွင်၌ သင့်တော်လုံလောက်သော အ ကျယ်အဝန်းနှင့် လေဝင်လေထွက် မရှိ ပါက အပူဒဏ်ကို ခံစားရနိုင်သည်။

အပူဒဏ်ကို ဆင်းရဲသူများ ပို၍ခံ စားကြရမည်။ တတ်နိုင်သူများက အဲ ကွန်းစသည်တို့ဖြင့် အပူလျော့နည်း အောင် စွမ်းဆောင်နိုင်ကြသော်လည်း ဝင်ငွေနည်း လူတန်းစားများအဖို့ ယင်းသို့ စွမ်းဆောင်နိုင်ကြမည် မဟုတ်ပေ။
အပူလွန်နေ့ရက်များသည် လူသား တို့ပေါ်တွင်သာမက စိုက်ပျိုးမွေးမြူရေး ကဏ္ဍအပေါ်တွင်လည်း သက်ရောက်ကာ သီးနှံအထွက်ကျဆင်းခြင်း၊ ထွက်သော သီးနှံများတွင် အာဟာရတန်ဖိုး နည်းပါး ယုတ်လျော့လာခြင်း၊ မွေးမြူရေး တိရစ္ဆာန်များ အကောင်ပေါက်နှုန်းကျ ဆင်းခြင်းတို့နှင့် ကြုံတွေ့ရမည်။ စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ လျော့နည်း သဖြင့် ယင်းကဏ္ဍကို မှီခိုသော မိသားစု ဝင်ငွေများ ကျဆင်းသည်သာမက အာ ဟာရ ချို့တဲ့မှု၊ ဒေသတွင်း စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ်မည်။

ထားဝယ်ဒေသသည် အချို့ဒေသ များနှင့် စာလျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးသည်ဟု ပြောနိုင်သေး သော်လည်း ကမ္ဘာနှင့်ချီ၍ ပြောင်းလဲနေ သော ရာသီဥတုသည် ထားဝယ်ကိုလည်း ချမ်းသာပေးမည် မဟုတ်သည်မှာ သေချာ နေသည်။