ထမင်းဝအောင်စားထား ကြ

0
603

ခက်တော့ခက်ပြီ
ကျုပ်တို့တောသားတွေကတော့ ပြောလိုက်ရင် တုတ်ထိုးအိုးပေါက်ပဲလေ။
ဒါပေမယ့် အဓိပ္ပာယ်တွေက ဗုံးတစ် လုံးကွဲသလို လွင့်စင်သွားတဲ့အခါ ကျရာ နယ်ပယ်အသီးသီးမှာ အဓိပ္ပာယ်တွေက အမျိုးမျိုး ဖြစ်ကုန်ရော မဟုတ်လား။ ကိုယ်ပြောတဲ့ စကား ကိုယ်နားလည်တဲ့ အဓိပ္ပာယ်နဲ့ဆိုရင်တော့ တာဝန်ခံရ တာ ဝန်ယူရတာ မပင်ပန်းပါဘူး။
ကိုယ်လိုရာကို ဆွဲတွေးတဲ့ လူတွေနဲ့ တွေ့ရင်တော့ အင်း..ဒုက္ခ။

ဘာမှားသွားလို့လဲ အဲဒီလူ ကျုပ်ကို ဘုကြည့်ကြည့်နေတာ…။ ကျုပ်က ထမင်းဆိုင်ရောင်းနေတာ နှစ်ပေါင်း မနည်းတော့ဘူး။ ဒီလမ်းဒီခရီးအကြောင်း လည်း ကျုပ်တို့အသိဆုံးပဲ။ မိုးကလည်း ခုနှစ်မှကို ပိုဆိုးတာ ဇွန်လလောက် ကတည်းက ရွာလိုက်တာ ခုဩဂုတ်လထိ မနားသေးဘူး။ ကျုပ်တို့ ထားဝယ်-မေတ္တာ -ထီးခီးလမ်းကလည်း သိတဲ့အတိုင်း မိုးဟေ့ဆိုတာနဲ့ လမ်းပေါ်မှာ လယ်ထွန် မင်္ဂလာသဘင် ဆင်ယင်ကျင်းပလို့ ရတယ်။

တစ်ဝမ်းတစ်ခါးတွက် ရုန်းကန်လှုပ် ရှားနေကြတဲ့ ပရိုဘောက်ကား၊ အံဇာတုံး၊ စူပါကာစတန်တွေ ခမျာဟာ ခုဆို လုံး ၀ရပ်ဆိုင်း သွားကြပြီ။ ဘယ်သူကမှ ပိတ်ပင်လိုက်တာ မဟုတ်ဘူးနော်။ သူ တို့အခြေအနေနဲ့ သူတို့ မတန်ရာကို မလှမ်းရဲတော့တာ။ ဝီကိုးဆိုလား ဗွီကိုး ဆိုလား ဖိုးဝှီးပါတဲ့ ကားတွေမှ သွား လာလို့ရတယ်။ လမ်းကလည်း ဆိုးချက်။ ဆိုးတာမှ တစ်စင်းလုံး တစ်စင်းလုံး မြုပ် ကရော။ မသွားမလာရင် မဖြစ်တဲ့ သူ တွေကလည်း ဒုနဲ့ဒေး။ ကျုပ်တို့က လည်း သူတို့ကို မှီခိုပြီး ဝမ်းကျောင်း နေရတာဆိုတော့တော့ ကိုယ့်ခရီး သည် တွေအပေါ် မေတ္တာစေတနာထားရမယ် လေ။ ပြောသင့်တာပြော ဆိုတန်တာဆို။ အဲတာ ကိုယ့်အလုပ် မစားတာ မသောက် တာ နားမထောင်တာ မဝယ်တာကတော့ သူတို့အလုပ်။

ခုတစ်လော ခရီးသည်တင်ကားတွေ ဟင်းသီးဟင်းရွက်ကားတွေ ဒုက္ခဖြစ်မှ ဖြစ်။ ကားမောင်းချိန် ဘယ်နှနာရီရယ် လို့ကို သတ်သတ်မှတ်မှတ် တွက်လို့ကို မရတော့ဘူး။ ခရီးအကွာအဝေးကတော့ ပြောင်းမသွားပါဘူး။ ထားဝယ်-ထီးခီး ၉၇ မိုင်ပါတဲ့။
” ၃နာရီ လာရ၏”  ပေါ့။ အဲခုတော့ ပြောင်းလဲချိန်တန်လို့ထင်ပါရဲ့။ ပြောင်း သွားလိုက်တာ ကိုးနာရီလည်း မရောက်။ ဆယ်နာရီနဲ့လည်း မရောက်နဲ့ ဒုက္ခက ပျားရည်လို မချိုမှန်း သိခဲ့ရတဲ့ လမ်းပဲ လေ။

ဂျာနယ်တွေမှာတော့ ဖတ်လိုက်ရပါ တယ်။ ထီးခီးလမ်းကြောင်းကို ချေးငွေ ဘယ်၍ ဘယ်မျှနဲ့ ဘယ်တော့လောက်စ ဖြစ်မယ်ဆိုတဲ့ အကြောင်းတွေလေ။ လက် ရှိ ခုချိန်မှာတော့ တချို့ ချိုင့်ခွက်ကြီးတွေ ဆိုရင် ဟိုးငရဲပြည်က အသံတွေတောင် ကြားနေရတယ်လို့ တင်စားပြောဆိုကြတာ ကားဆရာ တော်တော်များများပဲ။
ကျုပ်တို့ ထမင်းဆိုင်တွေကတော့ နားရည်ဝနေလို့ ခရီးသည်တွေ ဆိုင်ထဲ ရောက်လာရင် ဝယ်ဖို့ခြမ်းဖို့ စားဖို့နားဖို့ တွေ တိုက်တွန်းနေရတယ်။ လမ်းမှာ မိုး ရွာမယ် မိုးကာဝယ်သွား ကားတွန်းရင် ဗိုက်ဆာမယ် ဘာညာပေါ့ ဟိုတစ်လောက လည်း ဆွဲပေးတဲ့ ကားနဲ့ ခရီးသည်တင် ကား ရန်ဖြစ်ကြတယ်ဆိုလားပဲ။ စားပြီး နားမလည်တဲ့ ကားတွေလည်း ရှိတယ် ထင်ပါရဲ့။ ဆွဲပေးတဲ့ လယ်ထွန်စက်ကား ကြီးတွေကလည်း လသာတုန်းဗိုင်းငင်းဆို သလို အဲ့လမ်းပျက်တုန်း ကုသိုလ်လည်းရ ဝမ်းလည်းဝ စေတနာကြေးနဲ့ ဆွဲပေးနေ တော့ တချို့ကားတွေက နှုတ်နဲ့ပဲ ကျေးဇူး ဆပ်ကြရင် ဆီဖိုးက ဘယ်နားသွားရမလဲ။ ဒီတော့လည်း ဖြစ်ကြပြီပေါ့။

တစ်နေ့ မနက်(၁၁)နာရီလောက် ခရီးသည် ဆယ့်လေးငါးရှစ်ယောက် လောက်နဲ့ ထီးခီးသွားမည့်ကား နားရော၊ ကျုပ်တို့ ထမင်းဆိုင်ရောင်းတဲ့ သူကတော့ ကိုယ့်အလုပ်ကို လုပ်တာပဲလေ ပြောနေ ကြစကားတွေနဲ့ ကြိုဆိုနေရာချထားမယ်။ စားဖို့သောက်ဖို့ ဝယ်ဖို့ချမ်းဖို့ တိုက်တွန်း မယ်။ လမ်းအခြေအနေကို ပြောပြတယ်။ တိုက်တွန်းနေကြ ပြောနေကြ အဲဒီထဲမှာ ကျုပ်ပြောလိုက်တဲ့ စကားကို အဲဒီလူ မကျေနပ်ပုံနဲ့ ကျုပ်ကိုကြည့်တယ် ပြီးတော့ ကျုပ်သူ့နားရောက်သွားတော့ ပြောလိုက်သေးတယ်။
“ခင်ဗျား စကားပြောတာ ကြည့် ပြော”တဲ့။
“ကိုယ့်စကားနဲ့ ကိုယ့်ပါးရောင် တတ်တယ်”တဲ့။
“ဟာ”
သူမျက်နှာက ငါဘာကောင်လဲ မင်းဘာကောင်လဲဆိုတဲ့ ပုံစံထွက်နေ တယ်။ ကျုပ်လည်း ရောင်းစားသမား ဆိုတော့ မိတ်မပျက်အောင် ပြုံးပြလိုက် တယ်။ ပိုဆိုးကုန်ရော။

“ရွဲ့တာလား” “ရိတာလား”တဲ့ဗျာ။ ကဲ ခက်ရော။
ကျုပ်စကားကို ဘယ်လို အဓိပ္ပာယ် တွေ ဖွင့်ဆိုလိုက်ပြီးများ ကျုပ်ကို သတိ ပေးစကားပြောရတာလဲ ကျုပ်နားမ လည်နိုင်ဘူး။ ခရီးသည်တွေ စားသောက် ဝယ်ခြမ်းပြီး ကားပေါ်အကုန်ရောက်တော့ ကားဆရာနားသိချင်ဇောနဲ့ ကပ်ပြီးမေး ဖြစ်သေးတယ်။
“အဲဒီလူကြီးက ဘယ်သူတုန်း”လို့။
“ထီးခီးကို ခုမှပြောင်းလာတာ”တဲ့။

“ဘယ်ဌာနကလဲ ဟင်” ဆိုတော့”သိဘူး” တဲ့ ကျုပ်လည်း စကားနည်းရန်စဲ ပြုံးတောင် မပြရဲတော့ဘူး။
အဲဒီည ဆယ့်နှစ်နာရီလောက် ဆိုင် ရှေ့မှာ တံခါးထုသံ နှိုးသံတွေကြောင့် ဆိုင်ထဖွင့်ပေးလိုက်တယ်။ ညတိုင်းနီးပါး ဒီလိုရောင်းရောင်းနေရလို့ ထမင်းဟင်း တွေပိုချက်ပြီး အမြဲနားစွင့်နေတဲ့ ကျုပ် တို့မိသားစု မီးစက်နှိုးပြီး ထရောင်းပေး တယ်။ မပင်ပန်းပါဘူး။ အလကားမှမ ဟုတ်တာ။ ကားတွေမှာတော့ ရှေ့မှန် တွေအထိ ရွံ့နွံတွေ ပေရေနေသလို ကား ပေါ်ပါလာတဲ့ ခရီးသည်မှန်သမျှလည်း ဒူးအထက်အထိ ရွံ့အပြည့်အပြင် မျက်ခုံး မွှေး ဆံပင်ဖျားတွေအထိ နှုံးတွေရွံ့တွေ ပေနေကြရဲ့။ ဒါတွေက ခုတစ်လော မြင် နေကြမြင်ကွင်းတွေ သူတို့ကားတွေ နောက်က ဆိုင်ကယ်တစ်စင်း ထမင်းထုပ် သုံးဆယ်လောက် မြန်မြန်လုပ်ပေးပါတဲ့ မှာနေတယ်။ ကားတွေ လူတွေ ရေဆေး နေတဲ့ကြားထဲကို ဝင်လာတယ်။ တော် တော်ဆိုးဆိုးဝါးဝါးပုံတွေပါ။

 

ကြေးသွန်း ဖို့ ပုံကြမ်းထုထားတဲ့ ရွံ့ရုပ်တွေလို မျက် လုံးတွေလှုပ် မျက်တောင်တွေ ခတ်လို့သာ ” “ဟာ မနက်က ကားဆရာ၊ ဟင် မနက်က လူကြီး ဘယ်လိုဖြစ်တာလဲ” မေးတော့ သူတို့ကားတွေတော့ လူအား ဆွဲအားနဲ့ ဒီဘက်ရောက်လာပေမယ့် ကျွန်တော်တို့ ကားတွေ နေ့လယ်ကတည်းက ဆွဲပေး မယ့်ကားလည်းမရှိ လူအားနဲ့ တွန်းလည်း မရ ခုထိ ဟိုဘက်ကို မရောက်သေးဘူး။ လူတွေလည်း ဖတ်ဖတ်မောမောပြီး ဟတ် ဟတ်ထိုးဆာနေကြလို့ ဆိုင်ကယ်ငှားပြီး ထမင်းထုပ်လာဝယ်တာတဲ့။ မြန်မြန်သွား မှ ဖြစ်မယ်တဲ့။ မနက်က လူကြီး ကျုပ် နားကပ်လာပြီး “မနက်က ခင်ဗျားပြောတဲ့ စကားက အမှန်တရားပဲတဲ့။”

ကျုပ်ပြောခဲ့တဲ့ စကားထဲမှာ ပြဿ နာတက်နိုင်လောက်တဲ့စကား ဘာပါ သွားသလဲဆိုတာ သူတို့ကား သွားက တည်းက စဉ်းစားပေမယ့် အဖြေမပေါ်ခဲ့ ဘူး။
စကားနည်း ရန်စဲသာ နှုတ်ဆိတ်ခဲ့ရ ပေမယ့် စိတ်တော့ မချမ်းသာခဲ့။ အဖြူ အမည်း သဲကွဲအောင် အဲဒီလူကြီးကို မေး ကြည့်မှ ဖြစ်မယ်။
ကျုပ် မနက်က ဘာပြောလိုက်လို့လဲ လို့ မေးတော့
ခင်ဗျားပဲ”ထမင်းဝအောင်စားထား ကြဆို”တဲ့….။