ဓာတ်အားလိုင်း အားလုံးကို ကာဗာပါသည့်ကြိုးဖြင့် ၂၀၂၂ ခုနှစ်အပြီး တပ်ဆင်မည်

0
444

တနင်္သာရီတိုင်းအတွင်းရှိ လျှပ်စစ် ဓာတ်အားလိုင်းအားလုံးကို ကာဗာပါ သည့် ကြိုးများဖြင့် လာမည့် ၂၀၂၂ ခုနှစ်အပြီး တပ်ဆင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင် နီယာက ပြောသည်။
တိုင်းအတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်မှ စတင်ကာ ယခင်တပ်ဆင်ထား သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ကြိုးများကို ကာဗာမပါသည့် ရိုးရိုးကြိုးအစား ကာဗာပါသည့် လျှပ် စစ်မီးကြိုးများဖြင့် လဲလှယ်ခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒုတိယအင်ဂျင်နီယာချုပ် ဦးအောင်ဇော် ဦးက ဆိုသည်။

ယခင်က တပ်ဆင်ခဲ့သည့် ရိုးရိုး လျှပ်စစ်ကြိုးများက စံချိန်စံညွှန်းမမီဘဲ အန္တရာယ်များသည့်အတွက် ဘတ်ဂျက် ရရှိမှုအပေါ် မူတည်ကာ နှစ်အလိုက် လဲလှယ်တပ်ဆင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ဖြည်းဖြည်း ချိန်းသွားမယ်၊ နောက် ၂၀၂၂ ဆိုရင် အကုန်လုံး ကာဗာတွေဖြစ်သွားပြီ”ဟု ဦးအောင်ဇော် ဦးက ပြောသည်။
ယင်းအပြင် အသစ်သွယ်တန်းသည့် လျှပ်စစ်ကြိုးအားလုံးကိုလည်း ကာဗာပါ သည့် ကြိုးများသာ တပ်ဆင်ထားကြောင်း ဦးအောင်ဇော်ဦးက ဆိုသည်။

၁၁ ကေဗွီ ဓာတ်အားလိုင်းအတွက် ကာဗာမပါသည့် ကြိုးတပ်ဆင်ပါက တစ်မိုင်လျှင် ပျမ်းမျှ ငွေကျပ် ၂၅၀ သိန်းခန့် ကျသင့်ပြီး ကာဗာပါသည့် ကြိုးတပ်ဆင်ပါက ကျပ် ၃၅၀ သိန်းခန့် ကုန်ကျမှုရှိကြောင်း ၎င်းက ရှင်းပြသည်။
တနင်္သာရီတိုင်းအတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းအရှည်မှာ ၄၅၀ မိုင်ခန့် နှင့် ၄၄၀ ဗို့ ဓာတ်အားလိုင်းအရှည်မှာ ၃၇၇ မိုင်ခန့်ရှိကြောင်း တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။

ယင်းဓာတ်အားလိုင်းပမာဏတွင် ကာဗာကြိုးတပ်ဆင်ထားသည့် (အသစ်၊ လဲလှယ်) အရှည်က မိုင် ၁၃၀ ကျော် ရှိနေပြီဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။