ဒူးရင်းယို ဈေးတက်

0
454

ထားဝယ်ဒေသထွက် လက်ဆောင် ပစ္စည်းတစ်မျိုးဖြစ်သည့် ဒူးရင်းယိုသည် ယမန်နှစ်ထက် ဈေးတက်လာခဲ့ကြောင်း ထားဝယ်ခရိုင်အတွင်းရှိ ဒူးရင်းယို ရောင်းသူအချို့ထံမှ သိရသည်။
ယမန်နှစ်က ဒူးရင်းယိုတစ်ပိဿာ လျှင် ကျပ် ၁၀၀၀၀မှ ကျပ် ၁၂၀၀၀ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ပွင့်လင်း ရာသီရောက်ပါက ဈေးထပ်တက်နိုင် ဖွယ်ရှိကြောင်း ရှင်မုတ္ထီးဘုရားရှေ့တွင် ဈေးဆိုင်ရောင်းသူ မဝါအိက ဆိုသည်။

ယမန်နှစ်က ဒူးရင်းသီး အထွက် နှုန်း များခဲ့သော်လည်း သီးကင်းကြွေကျ မှုကြောင့် ဒူးရင်းသီးအထွက်နည်းပြီး ဒူးရင်းယိုမကျိုနိုင်ကြဟု သရက်ချောင်း မြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ ဒူးရင်း ယိုကျိုသည့် ဒေါ်သိန်းမြင့်က ပြောသည်။
ဒူးရင်းသီးအထွက်နည်းသဖြင့် ဒူး ရင်းသီးဈေးတက်သည့်အပြင် ဒူးရင်းယို ကျိုသူလည်း နည်းလာသည့်အတွက် ဈေးတက်ခြင်းဖြစ်ကြောင်း ဒေါ်သိန်းမြင့် က ဆိုသည်။

“ဒူးရင်းသီးကနည်းတော့ အလုံး ကိုပဲ ဈေးကောင်းနဲ့ ရောင်းလိုက်ကြ တာ။ ယိုထိုးရင်လည်း ဘယ်လောက် မှမကျန်ဆိုတော့ ပင်ပန်းကြတာပဲ အဖတ် တင်တယ်”ဟု မဝါအိက ဆိုသည်။

ထားဝယ်ဒေသသို့လာသည့် ခရီး သွားဧည့်သည်များ ကြိုက်နှစ်သက်သည့် ဒေသထွက်လက်ဆောင်ပစ္စည်းများတွင် ဒူးရင်းယိုလည်း တစ်ခုအပါအဝင်ဖြစ် ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဒေသထွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
ယခုနှစ် ထားဝယ်ဒေသတွင် ယခင် နှစ်များထက် မိုးများခြင်းကြောင့် ဒူးရင်း သီးအထွက်နည်းခဲ့ကြောင်း ဒူးရင်းယိုထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။