လစ်လပ် မြို့နယ်ပညာရေးမှူး နေရာများ ခန့်အပ်မည်

0
433

တနင်္သာရီတိုင်းအတွင်းရှိ လစ်လပ် လျက်ရှိသော မြို့နယ် ပညာရေးမှူးနေရာ များကို ခန့်အပ်ရန် ဩဂုတ်လ ၆ ရက်က ညွှန်ကြားချက် ရရှိထားကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

သရက်ချောင်း၊ မြိတ်၊ ကျွန်းစု မြို့နယ်တို့တွင် လစ်လပ်လျက်ရှိသည့် မြို့နယ်ပညာရေးမှူးနေရာများတွင် ခန့်အပ်မည်ဖြစ်သည်။
မြိတ်မြို့နယ်သို့ တနင်္သာရီမြို့နယ် ပညာရေးမှူးက ပြောင်းရွှေ့တာဝန်ထမ်း ဆောင်မည်ဖြစ်ပြီး လစ်လပ်လာမည့် တနင်္သာရီမြို့နယ် ပညာရေးမှူးနေရာကို မွန်ပြည်နယ်မှ မြို့နယ်ပညာရေးမှူး တစ်ဦးက လာရောက်မည်ဖြစ်သည်။
၎င်းအပြင် ကျွန်းစုမြို့နယ်သို့ မွန်ပြည်နယ်မှ မြို့နယ်ပညာရေးမှူးတစ် ဦး လာရောက်မည်ဖြစ်ပြီး သရက်ချောင်း မြို့နယ်ကိုမူ တနင်္သာရီတိုင်းပညာရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး က သွားရောက် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

“ညွန်ကြားချက်ထဲမှာတော့ စတင် တာဝန်ထမ်းဆောင်တဲ့နေ့မှ စပြီးလို့ ဆို ထားတော့ ဘယ်နေ့ရောက်မလဲတော့ မသိ သေးဘူး” ဟု ဒေါ်မြင့်စိန်က ပြောသည်။
မြိတ်နှင့် ကျွန်းစုမြို့နယ်မှ ပညာ ရေးမှူး အဟောင်းနှစ်ဦးမှာ ယခုနှစ် ဧပြီလခန့်က ပင်စင်ယူသွားသဖြင့် လစ် လပ်နေခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ် ပညာရေးမှူးမှာ ရာထူးတိုးဖြင့် ဇူလိုင်လ က ပြောင်းရွှေ့သွားကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။
လောင်းလုံးမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူး နေရာလစ်လပ် လျက်ရှိပြီး ယင်းနေရာအတွက်မူ တင်ပြ ထားဆဲဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။