ရှစ်လေးလုံးတွင် ကျဆုံးသူများအတွက် အောက်မေ့ဖွယ် အခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးသူများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို မြိတ်မြို့မြစ်ငယ် ရပ်ကွက်ရှိ ရွှေကျောင်းအရှေ့ လမ်းမနှင့် အမှတ် ၃ အခြေခံပညာအထက်တန်း ကျောင်းဘေး လမ်းပေါ်တွင် ဩဂုတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မြိတ်တွင် ကျဆုံးသွားသူများ အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် ကျဆုံးသူများအတွက် တစ်မိနစ်ငြိမ်သက်ခြင်း၊ ကဗျာရွတ်ဖတ် ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
“နှစ် ၃၀ ပြည့် အခမ်းအနားလည်း ဖြစ်နေတော့ ကျဆုံးသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလည်း လုပ်ရတာ ဖြစ်တယ်”ဟု ၈၈ မျိုးဆက် ငြိမ်း/ပွင့်(မြိတ်) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှမော်က ပြောသည်
အခမ်းအနားပြုလုပ်သည့် နေရာ သည် ရှစ်လေးလုံးအရေးတော်ပုံကာလ အတွင်း ခရိုင်ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် ကျောင်းသား ကိုကိုကိုဦးနှင့် ကိုညီညီလွင်တို့ ဒဏ်ရာ ရရှိသည့် နေရာဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ဖူးသူတချို့ က ပြောသည်။

ရှစ်လေးလုံးအရေး တော်ပုံကာလ အတွင်း မြိတ်မြို့ရှိ ကျောင်းသားများ ဖြစ်ကြသည့် ကိုကိုကိုဦး၊ ကိုညီညီလွင် နှင့် အရပ်သား ကိုမျိုးချစ်(ခ)နောင်မဲ ၃ ဦးတို့ သေနတ်ဒဏ်ရာများဖြင့် သေ ဆုံးခဲ့ရကြောင်း ၄င်း ၈၈ မျိုးဆက်ငြိမ်း/ပွင့် (မြိတ်)ထံမှ သိရသည်။

နှစ် ၃၀ ပြည့် ရှစ်လေးလုံး ဒီမို ကရေစီပြည်သူ့အရေးတော်ပုံ အခမ်း အနားကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းအချိန်က ကလွင်ကျေးရွာရှိ တောရအောက်ကျောင်းတိုက်တွင် ပြု လုပ်ခဲ့သည်။

Related Posts